ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များဝင်ထွက်ခွင့် စင်ကာပူ ပိတ်ပင်

ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များဝင်ထွက်ခွင့် စင်ကာပူ ပိတ်ပင်

ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်များသည် ဘေးကင်းစွာပျံသန်းနိုင်သည်ဟု ယုံကြည်ကြောင်း အက်ဖ်အေအေခေါ် အမေရိကန်ပြည်ထောင်စုလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး စင်ကာပူနိုင်ငံကမူ ဘိုးအင်း ၇၃၇ မက်စ်အုပ်စုဝင်လေယာဉ်အားလုံး နိုင်ငံတွင်းဝင်ခွင့်နှင့်ထွက်ခွင့်ပါ ပိတ်ပင်လိုက်သည်။

မတ်လ ၁၀ ရက်ကအီသီယိုးပီးယားလေကြောင်းပိုင် ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်တစ်စင်းပျက်ကျခဲ့၍ ၁၅၇ ဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံအချို့ကယင်းလေယာဉ်မျိုးတူများပျံသန်းမှုဆိုင်းငံ့ထားချိန်တွင် ကမ္ဘာ့လေကြောင်းလောကတွင်ပါ သြဇာကြီးသည့် အက်ဖ်အေအေက မတ်လ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလကလည်း လိ်ုင်းယန်းလေကြောင်းမှ ဘိုးအင်း ၇၃၇ မက်စ် ၈ တစ်စင်းပျက်ကျခဲ့၍ ၁၈၉ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

မတ်လ ၁၀ ရက်ပျက်ကျမှုအပြီး မတ်လ ၁၂ ရက်၌ ဘိုးအင်းကုမ္ပဏီ၏ရှယ်ယာဈေး ၁၂ ဒသမ ၉ ရာခိုင်နှုန်း ပြုတ်ကျခဲ့သည်။

ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်များတွင် ချို့ယွင်းချက်တစ်စုံတစ်ရာတွေ့ရှိပါက အက်ဖ်အေအေသည် လျင်မြန်စွာ အရေးယူဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အဲလိန်းချာအိုက ပြောဆိုခဲ့သည်။

သို့သော် အက်ဖ်အေအေ၏ ဥပဒေအကြံပေးကော်မတီဝင် တစ်ဦးဖြစ်ပြီး ဖလိုင်ယာရိုက်အဖွဲ့ ဥက္ကဌဖြစ်သူ ပေါလ်ဟတ်ဆန်ကမူ ယင်းလေယာဉ်များပျံသန်းမှု ဆိုင်းငံ့ထားသင့်ကြောင်း၊ အမေရိကန်လေကြောင်းစက်မှုလုပ်ငန်း၏ ဂုဏ်သတင်းနှင့် လူ့အသက်များစွန့်စားရမှုဘေးကင်းရေးအတွက် အက်ဖ်အေအေအနေဖြင့် စောင့်ကြည့်သင့်ကြောင်း ပြောဆိုခဲ့သည်။

စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့၏ကြေညာချက်က ၇၃၇ မက်စ် ခြောက်စီးသုံးစွဲနေသည့် ဆစ်ခ်အဲနှင့် ချိုင်းနားဆောက်သန်း၊ ဂရူဒါအင်ဒိုနီးရှား၊ ရှန်ဒုံနှင့် ထိုင်းလိုင်းယန်းလေကြောင်းတို့ကို သက်ရောက်စေမည်ဖြစ်သည်။

အီသီယိုးပီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ မက္ကဆီကိုနှင့် ဘရာဇီးတို့တွင် ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်များ ပျံသန်းမှု ရပ်ဆိုင်းထားလိုက်ပြီး အခြားနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်မူ ဆက်လက် ပျံသန်းနေကြသည်။

၇၃၇ မက်စ် ၈ မော်ဒယ်များသည် ဘိုးရင်း ၇၃၇ အုပ်စုတွင် နောက်ဆုံးထုတ်ဖြစ်၍ ၂၀၁၇ ကမှ ထွက်ပေါ်ခဲ့သည်။ ဇန်နဝါရီလအထိ ဘိုးအင်းသည် ၇၃၇ မက်စ် ၈ လေယာဉ်ပေါင်းအမှာစာ ၅၀၁၁ အထိ ရရှိထားပြီးအစီး ၃၅၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။