အယ်ဂျီးရီးယားနိုင်ငံကိုဆယ်စုနှစ်နှစ်ခုကြာအုပ်ချုပ်ခဲ့သော သမ္မတအက်ဘ်ဒဲလာဇစ် ဘိုတီဖလီကာသည် ငါးကြိမ်မြောက်အဖြစ် ပြန်လည်ရွေးကောက်ခံရန် စီစဉ်ခဲ့သော်လည်း ပြည်သူအများကန့်ကွက်ဆန္ဒပြမှုများကြောင့် ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
တစ်ချိန်တည်းမှာပင် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းကြောင်းလည်းကြေညာလိုက်သဖြင့် အကန့်အသတ်မရှိ အာဏာစွဲကိုင်ထားမည်ကိုစိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။
သမ္မတဘိုတီဖလီကာသည် ၂၀၁၃ ခုနှစ်တွင် လေဖြတ်ပြီးနောက် အများပြည်သူမြင်ကွင်းသို့ ထွက်လေ့မရှိသလို၊ လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်ကမှ ဂျနီဗာမှ ဆေးကုပြီး နိုင်ငံသို့ ပြန်ရောက်ရှိခဲ့ရာအသက် ၈၂ နှစ်အရွယ် သမ္မတ၏ ကျန်းမာရေးအခြေအနေသည် နိုင်ငံကိုဦးဆောင်ရန် သင့်တော်ခြင်းရှိမရှိမေးခွန်းထုတ်မှုများနှင့်လည်းရင်ဆိုင်နေရသည်။
ရွေးကောက်ပွဲရွှေ့ပြောင်းကျင်းပရန်နှင့် ကြားဖြတ်အစိုးရဖွဲ့စည်းရန် ကြီးကြပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဟု သမ္မတဘိုတီဖလီကာက ကြေညာထားသည်။
နိုင်ငံကို မျိုးဆက်သစ်များလက်သို့ လွှဲပြောင်းပေးအပ်မည်ဟုသမ္မတဘိုတီဖလီကာကဆိုထားသည်။ ငါးကြိမ်မြောက် သမ္မတသက်တမ်းအတွက် ဝင်မပြိုင်ဟုသမ္မတဘိုတီဖလီကာ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် နိုင်ငံတစ်ဝန်းလမ်းမများပေါ်တွင် ဆန္ဒပြပွဲများအစား အောင်ပွဲခံသူများဖြင့် စည်ကားခဲ့ကြောင်းတွေ့ရသည်။
နိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာသည်ဟုဆိုနိုင်ကြောင်း မြို့တော် အယ်ဂျီးယားလမ်းမပေါ်တွင် အောင်ပွဲခံနေသူတစ်ဦးက ဆိုသည်။
သမ္မတဘိုတီဖလီကာသည် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းလိုက်ပြီးမည်သည့်အချိန်တွင် ပြန်လည်ကျင်းပမည်ကိုတိကျစွာထုတ်ပြန်ခြင်းမရှိသဖြင့် စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

















