အရှေ့တောင်အာရှ၌ မက်အင်ဖက်တမင်းခေါ် စိတ်ကြွဆေးပြားထုတ်လုပ်မှုမြင့်တက်နေပြီး စိတ်ကြွဆေး ဈေးနှုန်းကျဆင်းမှုကြောင့် သုံးစွဲမှုပိုမိုမြင့်မားလာနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက မတ် ၁၁ ရက်တွင်ပြောကြားခဲ့သည်။
စပိဒ်၊ အိုက်စ်နှင့် ရာဘ ဆိုသည့် အမည်များဖြင့် ခေါ်ဆိုနေသည့် စိတ်ကြွဆေးများသိမ်းဆည်းရမိမှုသည်လည်း ယခုနှစ်အတွင်း စံချိန်တင်မြင့်မားခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
လမ်းဘေးတွင် ရောင်းချသည့် ဈေးနှုန်းကျဆင်းမှုကြောင့် သုံးစွဲမှုမြင့်မားလာခြင်းဖြစ်ကြောင်း အစီရင်ခံစာကဖော်ပြခဲ့သည်။
မက်အင်ဖက်တမင်းသည် အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံ ၁၃ နိုင်ငံအနက် ၁၂ နိုင်ငံတွင် အဓိကစိုးရိမ်စရာမူးယစ်ဆေးဝါးဖြစ်လာခဲ့သည်။
စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ လွန်ခဲ့သော ဆယ်နှစ်တွင် ငါးနိုင်ငံ၌သာ စိုးရိမ်စရာရှိခဲ့ကြောင်း ဌာနကပြောဆိုခဲ့သည်။
ခြွင်းချက်မှာ ဗီယက်နမ်ဖြစ်ပြီး ယင်းနိုင်ငံတွင် ဟီးရိုးအင်းသည် အဓိကပြဿနာဖြစ်နေသည်။ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာပင် ၂၀၁၈ ခုနှစ်အတွင်း မက်အင်ဖက်တမင်းဆေးပြား ၅၁၅ သန်းသိမ်းဆည်းရမိခဲ့ပြီး ယင်းသည် လွန်ခဲ့သော ဆယ်နှစ်တွင် နိ်ုင်ငံ ၁၃ နိုင်ငံပေါင်း သိမ်းဆည်းရမိခဲ့သည့် ဆေးပြားပမာဏထက် ၁၃ ဆပိုမိုများပြားနေကြောင်း ကုလသမဂ္ဂက ပြောသည်။
သိမ်းဆည်းရမိသည့် ပမာဏ၊ ဈေးနှုန်းနှင့် အသုံးပြုမှုဆိုင်ရာစာရင်းအင်းများအရ အရှေ့နှင့် အရှေ့တောင်အာရှတို့၌ မက်အင်ဖက်တမင်းဈေးကွက်ဆက်လက်ကြီးထွားနေကြောင်း ထင်ရှားနေသည်ဟု ဌာန၏ ဒေသများဆိုင်ရာအစီအစဉ် ပူးပေါင်းဆောင်ရွက်ရေးမှူးတစ်ဦးက ပြောသည်။
မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏နယ်စပ်များပေါင်းဆုံရာ ရွှေတြိဂံဒေသ၌ လက်နက်ကိုင်တပ်ဖွဲ့များသည် မူးယစ်ဆေးဝါးများထုတ်လုပ်ရေးနှင့် ရောင်းဝယ်ဖောက်ကားရေးတို့ကို တိုးမြှင့်ပြုလုပ်နေကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။
အရှေ့နှင့် အရှေ့တောင်အာရှတို့ရှိ မူးယစ်ဆေးဝါးဈေးကွက်သည် ၂၀ဝ၀ ပြည့်နှစ်အလွန်နှစ်များတွင် ဘိန်းဖြူထုတ်လုပ်ရာမှ စိတ်ကြွဆေးပြားများကို ပြောင်းလဲထုတ်လုပ်လာခဲ့သည်။
မက်အင်ဖက်တမင်းကိုပြောင်းလဲထုတ်လုပ်ခြင်းကြောင့် ဟီးရိုးအင်းဈေးကွက်များရှိနေသည့် တရုတ်နှင့် မလေးရှားတို့ကဲ့သို့နိုင်ငံများတွင် သက်ရောက်မှုကြီးကြီးမားမားရှိခဲ့ကြောင်း၊ မလေးရှား၌ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မက်အင်ဖက်တမင်းသုံးစွဲသူဦးရေသည် ဟီးရိုးအင်းသုံးစွဲသူဦးရေထက် ပိုမိုများပြားလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

















