သမ္မတထရမ့်ကိုစွဲချက်တင်ဖြုတ်ချရန် စောသေးသည်ဟုအောက်လွှတ်တော်ဥက္ကဋ္ဌ ပြော

သမ္မတထရမ့်ကိုစွဲချက်တင်ဖြုတ်ချရန် စောသေးသည်ဟုအောက်လွှတ်တော်ဥက္ကဋ္ဌ ပြော

သမ္မတဒေါ်နယ်ထရမ့်ကိုစွဲချက်တင်ဖြုတ်ချရန် ဒီမိုကရက်အများစုကလိုလားနေသော်လည်း စောလွန်းနေသေးကြောင်း၊ ထိုအစီအစဉ်သည်  နိုင်ငံကိုသဘောထား နှစ်ခြမ်းကွဲအောင် လုပ်ရာသာရောက်လိမ့်မည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်ခေါင်းဆောင် နန်စီပလိုစီက ပြောကြားလိုက်သည်။

ဝါရှင်တန်ပို့စ် သတင်းစာကတွေ့ဆုံမေးမြန်းမှုကိုမစ္စ ပလိုစီက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အလွန်ကိုဆိုးရွားသည့် ကိစ္စမျိုး၊ သက်သေခိုင်မာသောကိစ္စမျိုး၊ ပါတီအားလုံးကလည်း သဘောတူထောက်ခံသော အခြေအနေမျိုးတွင်သာ သမ္မတကိုစွဲချက်တင်ဖြုတ်ချသင့်ကြောင်း၊ လက်ရှိအခြေအနေသည် ထိုအချက်များနှင့် ပြည့်စုံခြင်းမရှိသေးသည့်အတွက် နိုင်ငံအတွင်းသဘောထားနှစ်ခြမ်းကွဲခြင်းသာအဖတ်တင်မည်ဖြစ်ကြောင်း၊ သမ္မတထရမ့်အတွက် နိုင်ငံကို သဘောထားနှစ်ခြမ်းကွဲခံရန် မထိုက်တန်ကြောင်းမစ္စ ပလိုစီကပြောကြားသည်။

ရွေးကောက်ပွဲကာလ ဒေါ်နယ်ထရမ့်နှင့် ရုရှားအစိုးရပတ်သက်ခဲ့မှုများစုံစမ်းစစ်ဆေးနေသော အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာအဖွဲ့၏ အစီရင်ခံစာထွက်လာလျှင် သမ္မတထရမ့်ကို စွဲချက်တင် ဖြုတ်ချသင့် မသင့် ဆက်လက်စဉ်းစားမည်ဖြစ်ကြောင်းလည်း မစ္စ ပလိုစီက ယခင်က မှတ်ချက်ပေးပြောကြားထားဖူးသည်။

လွှတ်တော် ကွပ်ကဲရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ လီယတ် ကမ်မင်းကလည်းမစ္စ ပလိုစီ၏ သဘောထားကိုထောက်ခံလိုက်ပြီး သမ္မတကိုစွဲချက်တင်ဖြုတ်ချရန် ပါတီစုံထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ရီပတ်ဘလီကန်များကထိုသို့ ထောက်ခံမည့် အခြေအနေမရှိသေးကြောင်းပြောကြားသည်။