ကမ္ဘာတစ်ဝန်း အမျိုးသမီးအခွင့်အရေး အကြီးအကျယ်ဆုံးရှုံးနေသောကြောင့် အမျိုးသမီးအခွင့်အရေးဆုံးရှုံးအောင် လုပ်နေသည့် အကြောင်းအရင်းများကို ပြန်လည်တုံ့ပြန်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်က မတ် ၁၁ ရက်တွင် ပြောဆိုခဲ့သည်။
၎င်းကိုယ်တိုင်သည် အမျိုးသမီးအဓိကဝါဒီဖြစ်ပြီး အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေး တိုက်ပွဲတွင် အနိုင်ရရှိစေရမည်ဖြစ်ကြောင်း အမျိုးသမီးများအဆင့်အတန်းဆိုင်ရာကော်မရှင်၏နှစ်ပတ်လည် အစည်းအဝေးတွင် ဂူတာရက်စ်က ပြောဆိုခဲ့သည်။
ကော်မရှင်ကို ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများ လူသားဆိုင်ရာနယ်ပယ်အလုံးစုံတွင် အမျိုးသားများနည်းတူ အခွင့်အရေးတန်းတူရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပိုမိုများပြားလာပြီး အထူးသဖြင့် လူ့အခွင့်အရေးဆောင်ရွက်သည့် အမျိုးသမီးများ၊ ရွေးကောက်ပွဲဝင်သည့် အမျိုးသမီးများ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း ဂူတာရက်စ်ကပြောဆိုခဲ့သည်။
ထို့ပြင် အမျိုးသားရေး၊ လူပြိန်းကြိုက်နှင့် ခြွေတာရေးအစီအစဉ်များကြောင့် တန်းတူမညီမျှမှုပိုမိုများပြားလာပြီး လူ့အဖွဲ့အစည်းများ အစည်းပြေကာ အမျိုးသမီးအခွင့်အရေးများ ကန့်သတ်ခံနေရကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
နိုင်ငံအချို့တွင် အမျိုးသမီးများအတွက် လိင်ပိုင်းနှင့် မျိုးဆက်ပွားခွင့်ကိုထောက်ပံ့ပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ အဆောက်အအုံများပင်မရှိကြောင်း ကုလသမဂ္ဂအမျိုးသမီးရေးရာဌာန၏အကြီးအကဲ ဖမ်ဇီလဲ လမ်ဘို-ငကူကာက ပြောဆိုခဲ့သည်။
နိုင်ငံအချို့သည် ဂျန်းဒါး(gender)ဆိုသည့် စကားလုံးကိုပင်မသုံးချင်ဘဲ အမျိုးသားနှင့် အမျိုးသမီးဆိုသည့် စကားလုံးများကိုသာ သုံးစွဲလိုသောကြောင့် ကျားမနှင့်မတူကွဲပြားသော လိင်သဘောကို မလိုလားသလိုရှိနေကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ မိန်းကလေး ၁၃၁ သန်းသည် ကျောင်းတက်ရောက်ခွင့်မရှိဘဲ မူလတန်းကျောင်းတက်ခွင့်မရသည့် မိန်းကလေးဦးရေသည် ခြောက်ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း လမ်ဘို-ငကူကာက ပြောဆိုခဲ့သည်။

















