နိုင်ငံတကာ၌ ဘိုးအင်း ၇၃၇ လေယာဉ်များရပ်နားမှု ပိုမိုပြုလုပ်လာ

နိုင်ငံတကာ၌ ဘိုးအင်း ၇၃၇ လေယာဉ်များရပ်နားမှု ပိုမိုပြုလုပ်လာ

ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များသည် ဘေးကင်းစွာပျံသန်းနိုင်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့(အက်ဖ်အေအေ)အပေါ် ဝေဖန်မှုများမြင့်တက်လာပြီး နိုင်ငံတကာလေကြောင်းများတွင် ယင်းလေယာဉ်အမျိုးတူများကို ပျံသန်းမှုရပ်ဆိုင်းခြင်း ပိုမိုပြုလုပ်လာကြသည်။

မတ် ၁၀ ရက်က လူ ၁၅၇ ဦးပါဝင်သည့် အီသီယိုးပီးယားပိုင် ၇၃၇ မက်စ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ယင်းသည်ငါးလအတွင်း အလားတူလေယာဉ် ဒုတိယမြောက်ပျက်ကျမှုဖြစ်ခဲ့၍ နိုင်ငံအချို့တွင် မျိုးတူလေယာဉ်များပျံသန်းမှု ရပ်စဲခဲ့သည်။

သို့သော် အက်ဖ်အေအေက ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များ ဘေးကင်းစွာပျံသန်းနိုင်သည်ဟု ယုံကြည်ကြောင်းထုတ်ပြန်ခဲ့သည်။ ဘေးကင်းလုံခြုံမှုအတွက် စံချိန်စံညွန်းသတ်မှတ်ချက်တွင် အက်ဖ်အေအေသည် ကမ္ဘာ့အကောင်းဆုံးဖြစ်သော်လည်း ယခု ဖြစ်ရပ်အတွက် ဥရောပသမဂ္ဂ(အီးယူ)၊ တရုတ်၊ သြစတြေးလျ၊ ဗြိတိန်၊ နယူးဇီလန်နှင့် ဖီဂျီအပါအဝင် နိုင်ငံ ၄၀ ကျော်တွင် ဘိုးအင်း ၇၃၇ လေယာဉ်များ ပျံသန်းခွင့်ကို ရပ်ဆိုင်းခဲ့ကြပြီဖြစ်သည်။

အက်ဖ်အေအေက ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များ ဆက်လက်ပျံသန်းခွင့်ပေးထားခြင်းသည် ဘက်လိုက်မှု မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းလေယာဉ်များအပေါ် သမ္မတထရမ့်က ယုံကြည်မှုရှိသည်ဟု ဘိုးအင်း စီအီးအို ဒင်းနစ်မူလန်ဘတ်ကို ပြောဆိုခဲ့ကြောင်း ဘိုးအင်းက ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၂ ရက်၌ စင်ကာပူက ဘိုးအင်း မက်စ်အုပ်စုဝင်လေယာဉ်အားလုံး ဝင်ထွက်ခွင့်ပိတ်ပင်ခဲ့ပြီး ယူအေအီးနိုင်ငံကလည်း ၄င်းလေပိုင်နက်သို့ ဘိုးအင်း ၇၃၇ မက်စ် ၈ နှင့် ၉ လေယာဉ်များ ဝင်ထွက်ခွင့် ပိတ်ပင်ခဲ့သည်။

ကနေဒါတွင် လေယာဉ်မောင်/မယ်များ ဆန္ဒမရှိက ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များပေါ် လိုက်ပါတာဝန်ထမ်းခြင်းမပြုဘဲ နေနိုင်ကြောင်း ခွင့်ပြုနေသည်ဟု လေကြောင်းလုပ်သားသမဂ္ဂက ပြောဆိုသည်။

ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များတွင် အလိုအလျောက်စနစ်၌ ပြဿနာအနည်းငယ်ရှိကြောင်း လေယာဉ်မှူးအချို့က လေကြောင်းလိုင်းထံ အစီရင်ခံခဲ့ဖူးကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။

၇၃၇ မက်စ်လေယာဉ်နှစ်စင်း ပျက်ကျရမှုအကြောင်းရင်း စုံစမ်းစစ်ဆေးမှုပြီးသည်အထိ လေကြောင်းလိုင်းများနှင့် အက်ဖ်အေအေအနေဖြင့် ယင်းလေယာဉ်များပျံသန်းမှုဆိုင်းငံ့ထားရန် လေကြောင်းခရီးသည်မဂ္ဂဇင်းနှင့် ဝက်ဘ်ဆိုက်အချို့က တောင်းဆိုလာကြသည်။