ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့သဘောတူထားသည့် ဘရက်ဇစ်စာချုပ်ကို ဗြိတိန်လွှတ်တော်က မတ် ၁၂ ရက်၌ ထပ်မံပယ်ချလိုက်၍ စာချုပ်မပါဘဲ အီးယူမှဗြိတိန်ထွက်ခွာလိုမှု ရှိမရှိကို မဲခွဲဆုံးဖြတ်ရတော့မည်ဖြစ်သည်။
အီးယူမှဗြိတိန်ထွက်ခွာရေး (ဘရက်ဇစ်)စာချုပ်တွင် အိုင်ယာလန်နယ်စပ်အရေးကို ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်ရန် အီးယူထံမှ ကတိကို ထရီဆာမေတောင်းခံနိုင်ခဲ့သော်လည်း ဗြိတိန်အမတ်အများစုက ယင်းဘရက်ဇစ်စာချုပ်ကို ၃၉၁ မဲ၊ ၂၄၂ မဲဖြင့် ထပ်မံပယ်ချခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ဇန်နဝါရီလကလည်း ဘရက်ဇစ် စာချုပ်ကို ဗြိတိန်အောက်လွှတ်တော်က မဲအများစုဖြင့် ပယ်ချခဲ့ပြီးဖြစ်သည်။
အီးယူစည်းမျဉ်းအရ အီးယူမှထွက်ခွာရန် စတင်တောင်းဆိုခဲ့သည့်ဗြိတိန်သည် ဘရက်ဇစ်စာချုပ်ကို ဗြိတိန်လွှတ်တော်က အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လာမည့်မတ် ၂၉ ရက်၌ ထွက်ခွာရန် အချိန်စေ့မည် ဖြစ်သည်။
သဘောတူစာချုပ်မပါဘဲ အီးယူမှဗြိတိန်ထွက်ခွာလိုခြင်းရှိမရှိ လွှတ်တော်က မတ် ၁၃ ရက်၌ မဲခွဲဆုံးဖြတ်ရတော့မည်ဖြစ်ပြီး ယင်းသို့ ထွက်ခွာလိုခြင်းမရှိဟု အဖြေထွက်ပါက အီးယူမှဗြိတိန်ထွက်ခွာရေး ဆိုင်းငံ့ထားရန် မတ် ၁၄ ရက်၌ ဆက်လက်မဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထရီဆာမေက ပြောဆိုခဲ့သည်။
ထွက်ခွာရေးဆိုင်းငံ့ရန် ဆုံးဖြတ်ပါက အီးယူဥပဒေပုဒ်မ ၅၀ အရ သဘောတူညီချက်တစ်ရပ်ရရှိရေး ဆွေးနွေးချိန်တိုးပေးရန် ထရီဆာမေက အီးယူနှင့် ထပ်မံညှိနှိုင်းရမည် ဖြစ်သည်။
စာချုပ်မပါဘဲ အီးယူမှထွက်ခွာခြင်း၊ ထွက်ခွာရန်အချိန်ဆွဲခြင်းတို့ဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ထရီဆာမေက သတိပေးသည်။ စာချုပ်တစ်ရပ်နှင့်အတူ အီးယူမှထွက်ခွာခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဟု ယုံကြည်ဆဲဖြစ်ကြောင်းလည်း ၄င်းကပြောဆိုခဲ့သည်။
အယုံအကြည်မရှိအဆို အောင်နိုင်ထားသည့်အတွက် ရာထူးမှ နုတ်ထွက်ရန် မရှိကြောင်းလည်း ထရီဆာမေက ပြောသည်။
ဘရက်ဇစ်စာချုပ်ကို ဗြိတိန်လွှတ်တော်ပယ်ချပါက နောက်ထပ်ညှိနှိုင်းမှုပြုမည်မဟုတ်ဟု အီးယူကပြောဆိုထားရာ ဗြိတိန်အတွက် ဘရက်ဇစ်အရေးသည် ထပ်မံအကျပ်ရိုက်လာဖွယ်ရှိနေသည်။

















