လူငယ်နှစ်ဦးကို လိင်အမြတ်ထုတ်မှုဖြင့် ကာဒီနယ်ဂျော့ပဲလ် ထောင်ခြောက်နှစ်ကျ

လူငယ်နှစ်ဦးကို လိင်အမြတ်ထုတ်မှုဖြင့် ကာဒီနယ်ဂျော့ပဲလ် ထောင်ခြောက်နှစ်ကျ

သြစတြေးလျနိုင်ငံတွင် ဘုရားကျောင်းအလုပ်အကျွေးပြုသူ လူငယ်ယောကျာ်းလေးနှစ်ဦးကို လိင်အမြတ်ထုတ်မှုဖြင့် ကတ်သလစ်ကျောင်းတော်၏ ရာထူးအကြီးဆုံးဖြစ်သည့် ကာဒီနယ်ဂျော့ပဲလ်အား ဗစ်တိုးရီးယားပြည်နယ်တရားရုံးက မတ် ၁၃ ရက်၌ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်သည်။

ကာဒီနယ်ဂျော့ပဲလ်သည် ထောင်ဒဏ် ၃ နှစ် ၈ လ ပြည့်ပြီးနောက်တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်းဗစ်တိုးရီးယားပြည်နယ်  တရားသူကြီးချုပ်ပီတာကစ်က စီရင်ချက်ဖတ်ကြားခဲ့သည်။

ကာဒီနယ်ဂျော့ပဲလ်ကိုစွဲချက် ငါးခုတင်ခဲ့ရာတစ်ခုလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ထိကျခံရနိုင်သော စွဲချက်များဖြစ်သည်။

ပုပ်ရဟန်းမင်းဖရန်စစ်၏ ဗာတီကန် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သောကာဒီနယ်ဂျော့ပဲလ်သည်  ၁၉၉၀ ပြည့်နှစ်များကသြစတြေးလျတွင် ဘုရားကျောင်းအလုပ်အကျွေး ပြုသူ ၁၃  နှစ်သားလူငယ်နှစ်ဦးကို လိင်အမြတ်ထုတ်ခဲ့မှု ပြစ်မှုထင်ရှားကြောင်း ရုံးတော်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၇ နှစ်အရွယ် ကာဒီနယ်ဂျော့ပဲလ်ကမူအပြစ်ကင်းကြောင်း ချေပထားဆဲဖြစ်ကာစီရင်ချက်ကိုဇွန် ၅ ရက်တွင် အယူခံရုံး၌  အယူခံဝင်သွားမည်ဖြစ်သည်။

ကာဒီနယ်ဂျော့ပဲလ်သည် ယခု ပြစ်မှုမှလွဲ၍ အခြားပြစ်မှုများဘဝတစ်လျှောက် ကင်းရှင်းသူဖြစ်သလို၊ နောက်ထပ်တစ်ဖန် ပြစ်မှုကျူးလွန်နိုင်ခြေလည်းအလွန်နည်းသူဖြစ်သောကြောင့် ထောင်ဒဏ်ကို သက်ညှာစွာစီရင်ခြင်းဖြစ်ကြောင်း တရားသူကြီးကစ်က ပြောသည်။

လိင်အမြတ်ထုတ်ခံခဲ့ရသူလူငယ်တစ်ဦး၏ ဖခင်ကမူပြစ်ဒဏ်နည်းလွန်းခြင်းအတွက် စိတ်ပျက်မိကြောင်း၊  ကာဒီနယ်ဂျော့ပဲလ်နှင့်ကတ်သလစ် ကျောင်းတော်ကို သီးခြားတရားစွဲဆိုသွားရန် စီစဉ်နေကြောင်း ရှေ့နေဖြစ်သူလီဆာဖလင်းက ပြောသည်။