ကမ္ဘာ့အင်တာနက်သက်တမ်း နှစ် ၃၀ ရှိလာပြီး အများလိုလားသည့် အနေအထားမဟုတ်သေး

ကမ္ဘာ့အင်တာနက်သက်တမ်း နှစ် ၃၀ ရှိလာပြီး အများလိုလားသည့် အနေအထားမဟုတ်သေး

ကမ္ဘာ့အင်တာနက်ကွန်ရက် (World Wide Web) သည် သက်တမ်း နှစ် ၃၀ ရှိလာပြီဖြစ်သော်လည်းလူအများလိုလားသည့် အပြုသဘောဆောင်ခြင်းထက် အမုန်းစကားများ ပြန့်ပွားခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု ချိုးဖောက်ခံရခြင်း၊ အစိုးရများကိုယ်တိုင်ကဦးစီးကာဟက်ကာတိုက်ခိုက်ခြင်းများထိအဆိုးသဘောဆောင်ခြင်းများပိုဖြစ်ပွားနေကြောင်း အင်တာနက် ဖန်တီးရှင် တင်မ်ဘာနာလီက မှတ်ချက်ပေးပြောကြားခဲ့သည်။

တင်မ် ဘာနာလီသည် ယခုအခါ အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။
၎င်းသည်ဥရောပ နျူကလီးယားသုတေသနအဖွဲ့အစည်း (CERN) တွင် အလုပ်လုပ်ကိုင်နေစဉ် ၁၉၈၉ ခုနှစ်မတ် ၁၂  ရက်ကတင်သွင်းခဲ့သည့် 'အဖွဲ့အစည်းအတွင်းကွန်ပျူတာများချိတ်ဆက်အသုံးပြုနည်းအဆိုပြုလွှာ'သည် ယနေ့ အင်တာနက်ကိုမွေးဖွားပေးလိုက်သည့် သန္ဓေမျိုးစေ့ဖြစ်သည်။

ထိုနည်းပညာအပေါ် အခြေခံပေါက်ဖွားလာသောအင်တာနက်ကြောင့် လူသားများဆက်သွယ်ပုံ၊ အကြံဉာဏ်များဖလှယ်ပုံ၊ သတင်းအချက်အလက်များရယူပုံ၊ ဈေးဝယ်ပုံများသည် တစ်ဆစ်ချိုးပြောင်းလဲခဲ့ရသည်။

တိုးတက်မှုကိုလိုလားသူများအပြန်အလှန် ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်နိုင်စေရေးရည်ရွယ်ချက်ဖြင့် အင်တာနက်ကိုဖန်တီးခဲ့ခြင်းဖြစ်ကြောင်း မစ္စတာဘာနာလီက ဂျနီဗာတွင် အင်တာနက် နှစ် ၃၀ ပြည့် အခမ်းအနား၌ ပြောကြားသည်။

ယနေ့ အင်တာနက်သည် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များခိုးဝှက်ရယူသည့်နေရာ၊ အပြိုင်အစိုးရများအချင်းချင်းသတင်းအချက်အလက် ခိုးယူခြင်း၊ ရွေးကောက်ပွဲရလဒ်များကိုလွှမ်းမိုးနိုင်ရေးကြိုးပမ်းသည့်နေရာဖြစ်နေကြောင်း မစ္စတာဘာနာလီက ဆိုသည်။

၂၀၁၈ နှစ်ကုန်တွင် ကမ္ဘာ့လူသားထက်ဝက်ခန့်သည် အင်တာနက်ကွန်ရက်အတွင်းရောက်ရှိနေပြီဖြစ်သည်။အင်တာနက်တွင် အဖျက်သမားများကိုထိန်းချုပ်ရမည်ဖြစ်သလို၊ လွတ်လပ်မှုကိုလည်းကန့်သတ်ရာမရောက်အောင် မျှခြေရှိရေး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မစ္စတာဘာနာလီက ပြောသည်။