အီတလီနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကြောင်း သက်သေစာရွက်စာတမ်းမပြနိုင်ပါက ကလေးများ စာသင်ကျောင်းသို့ လာရောက်ခြင်းမပြုရန် အစိုးရက ပိတ်ပင်ချက်ထုတ်ပြန်ထားသည်။
ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် ကလေးများအား ကျောင်းသို့ ပို့ဆောင်သည့် မိဘများသည် ဒဏ်ငွေ ယူရို ၅၀ဝ ( ဒေါ်လာ ၅၆၀ ) အထိပေးဆောင်ရမည်ဖြစ်သည်။
အသက်ခြောက်နှစ်အောက်ကလေးများသည်လည်း ကျောင်းတက်ခွင့်ပိတ်ပင်ခံရမည်ဖြစ်သည်။
ဝက်သက်ရောဂါဖြစ်ပွားသည့် ကလေးဦးရေများပြားလာမှုကြောင့် ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံရေးအတွက် ဖိအားပေးနေခြင်းဖြစ်သည်။
ကာကွယ်ဆေးမထိုးမနေရဥပဒေကို လွှတ်တော်သို့တင်သွင်းခဲ့သည့် ကျန်းမာရေးဝန်ကြီးဟောင်း၏အမည်ကို အစွဲပြု၍ လော်ရန်ဇင်ဥပဒေဟု ခေါ်ဆိုသည့် ဥပဒေအရ ကလေးတိုင်းသည် စာသင်ကျောင်းမတက်ရောက်မီတွင် ကာကွယ်ဆေးထိုးနှံရမည်ဖြစ်သည်။
ရေကျောက်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျာမန်ဝက်သက်ကာကွယ်ဆေးများထိုးနှံကြရမည်ဖြစ်သည်။
စည်းမျဉ်းသစ်များအရ ကာကွယ်ဆေးထိုးနှံထားကြောင်း သက်သေမပြနိုင်ပါက အသက်ခြောက်နှစ်အရွယ်အထိ ကလေးငယ်များသည် စာသင်ကျောင်းမှ ပြန်လွှတ်ခံရမည်ဖြစ်သည်။
အသက်ခြောက်နှစ်မှ ၁၆ နှစ်အရွယ်ကလေးများကိုမူ စာသင်ကျောင်းတက်ရောက်ခြင်း ပိတ်ပင်ခွင့်မရှိသော်လည်း ၎င်းတို့၏မိဘများသည် ဒဏ်ငွေရိုက်ခံရမည်ဖြစ်သည်။
မတ် ၁၀ ရက်နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးနှံရမည်ဖြစ်သော်လည်း ယင်းရက်သည် ရုံးပိတ်ရက်ဖြစ်နေသောကြောင့် နောက်ထပ်ရက်အနည်းငယ် သက်တမ်းတိုးပေးခဲ့သည်။
ကာကွယ်ဆေးမထိုးနှံလျှင် ကျောင်းတက်ခွင့်ရမည်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂူလီယာ ဂရီလိုက ပြောဆိုခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးမှုပမာဏ ၉၅ ရာခိုင်နှုန်းအထိရှိရန် လျာထားချက်အရ အီတလီသည် ကာကွယ်ဆေးထိုးနှံသည့် ကလေးဦးရေများပြားလာစေရန် ဥပဒေဖြင့် တိုက်တွန်းနေခြင်းဖြစ်သည်။

















