ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံဗီယက်နမ်သူကို ပြန်လွှတ်ပေးရန် အစိုးရတောင်းဆို

ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံဗီယက်နမ်သူကို ပြန်လွှတ်ပေးရန် အစိုးရတောင်းဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူမအေကွဲအစ်ကို ကင်ဂျုံနမ်ကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် အင်ဒိုနီးရှားနိုင်ငံသူလွတ်မြောက်ခဲ့ပြီးနောက် အလားတူစွပ်စွဲခံထားရသည့် ဗီယက်နမ်နိုင်ငံသူကိုလည်း ပြန်လွှတ်ပေးရန် ဗီယက်နမ်အစိုးရက မလေးရှားအစိုးရကို မတ် ၁၂ ရက်တွင် တောင်းဆိုလိုက်ပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ် ဘင်မင်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုင်ဖက်ဒင် အဗ္ဗဒူလာအား မတ် ၁၂ ရက်တွင် ဖုန်းဆက်တောင်းဆိုခဲ့ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် ဒွန်သီဟွန်နှင့်ပတ်သက်၍ တရားမျှတစွာကြားနာစစ်ဆေးပေးရန်လည်း မင်ကတောင်းဆိုခဲ့ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်သူနှင့်အတူ စွပ်စွဲခံထားရသည့် အင်ဒိုနီးရှားသူ စီတီ အိုင်စ်ယာအပေါ် လူသတ်မှုဖြင့် စွဲချက်တင်ထားခြင်းကို မလေးရှားဥပဒေအရာရှိများက မတ် ၁၁ ရက်တွင် ရုပ်သိမ်းခဲ့သည်။

အိုင်စ်ယာသည် ယခုအချိန်တွင် နေရပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ဟွန်အား လူသတ်မှုဖြင့် ကြားနာမှုကို မတ် ၁၄ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်က ကင်ဂျုံနမ်အား မလေးရှားလေဆိပ်တစ်ခုတွင် ဗီအိပ်စ်အာရုံကြောအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှု၌ အဆိုပါအမျိုးသမီးနှစ်ဦးနှင့်ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံသားလေးဦးတို့ စွပ်စွဲခံထားရသည်။

အများပြည်သူဆိုင်ရာနေရာတွင် အပြောင်အပျက်လုပ်သည့် ရုပ်သံအစီအစဉ်တစ်ခုတွင် ပါဝင်သရုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သောကြောင့် ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသမီးနှစ်ဦးက ပြောဆိုခဲ့သည်။

အိ်ုင်စ်ယာကို ပြန်လွှတ်ပေးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မလေးရှားဥပဒေအရာရှိများက ခိုင်မာသော အထောက်အထားများကိုတင်ပြနိုင်ခဲ့ခြင်းမရှိချေ။

အင်ဒိုနီးရှားအစိုးရသည် ၎င်းတို့နိုင်ငံသူပြန်လွတ်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းခဲ့သည်။ အဆိုပါအမျိုးသမီးနှစ်ဦးအား လူသတ်မှုဖြင့် ရုံးတင်ရန် သက်သေအခိုင်အမာရှိနေကြောင်း တရားသူကြီးတစ်ဦးက ယမန်နှစ်တွင် ပြောဆိုခဲ့သော်လည်း အိုင်စ်ယာကို ပြန်လွှတ်ခဲ့သည့်အတွက် မလေးရှား၏လုပ်ရပ်သည် မျှတမှုမရှိကြောင်း ဟွန်၏ရှေ့နေကပြောဆိုခဲ့သည်။