ကမ္ဘာတွင် နိုင်ငံရေးအာဏာရရှိသည့်အမျိုးသမီးဦးရေ နည်းပါး

ကမ္ဘာတွင် နိုင်ငံရေးအာဏာရရှိသည့်အမျိုးသမီးဦးရေ နည်းပါး

ကမ္ဘာ့ခေါင်းဆောင်များအနက် ၇ ရာခိုင်နှုန်းအောက်နှင့် ဥပဒေပြုအမတ်များအနက် ၁၄ ရာခိုင်နှုန်းခန့်သာ အမျိုးသမီးများဖြစ်သောကြောင့် နိုင်ငံရေးအာဏာရရှိမှုနှင့်ပတ်သက်၍ အမျိုးသားဦးရေနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးဦးရေက လွန်စွာနည်းပါးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏စာရင်းများတွင် ဖော်ပြသည်။

မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံရေးအာဏာရရှိသည့် အမျိုးသမီးဦးရေ ကျဆင်းလာခဲ့ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ မာရီယာ ဖာနန်ဒါ အီစပီနိုဆာက အမျိုးသမီးများ၏အခြေအနေဆိုင်ရာ ကော်မရှင်၏နှစ်ပတ်လည်အစည်းအဝေး၌ မတ် ၁၂ ရက်တွင်ပြောဆိုခဲ့သည်။

နိုင်ငံခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသမီးဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိကျဆင်းလာခဲ့ပြီး ယင်းသည် ခေါင်းဆောင် ၁၅၃ ဦးလျှင် ၁၀ ဦးသာ ရွေးကောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတကာလွှတ်တော်များသမဂ္ဂ၏စာရင်းများက ဖော်ပြသည်။
    အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် အခွင့်အရေးရရှိလာသော်လည်း အစိုးရခေါင်းဆောင်အများစုမှာ အမျိုးသားများသာဖြစ်နေဆဲဖြစ်ကြောင်း သမဂ္ဂ၏အကြီးအကဲ ဂေဘရီလာ ကူဗက်စ် ဘာရွန်က ပြောဆိုခဲ့သည်။

လွှတ်တော်အမတ်ဦးရေနှင့်ပတ်သက်လျှင် ၂၀၁၇ မှ ၂၀၁၈ ခုနှစ်အထိ အမျိုးသမီးလွှတ်တော်အမတ်ဦးရေသည် တစ်ရာခိုင်နှုန်းတိုးလာပြီး ၂၄ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

၁၉၉၅ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းသာရှိခဲ့သောကြောင့် ယခုစာရင်းအတိုင်း ဦးရေများပြားလာရန် ၂၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း ကူဗက်စ်ကပြောဆိုခဲ့သည်။