အောင်ပန်းမြို့အဝင်ဆိုင်းဘုတ်အနီး ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာမှ တစ်ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိမှု ယနေ့မတ် ၁၃ ရက်က ဖြစ်ပွားသည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါမြို့ဝင်ဆိုင်းဘုတ်အနီး ပြည်ထောင်စုကားလမ်းမပေါ် မိုင်တိုင်အမှတ် (၇၈/၂)နှင့်(၇၈/၃)ကြား ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အောင်ပန်းမြို့ဘက်မှကလောမြို့ဘက်သို့ အောင်ပန်းမြို့နေ ယာဉ်မောင်းရန်နိုင်ဦး မောင်းနှင်သည့် ၁၄ ပေကင်တာ အဖြူရောင်ယာဉ်နှင့် အောင်မင်္ဂလာရပ် ကွက်နေ ယာဉ်မောင်းကောင်းခန့် မောင်းနှင်သည့် ကင်တာ ခြောက်ဘီးယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် အောင်ပန်းမြို့နေ ၅၄ နှစ်အရွယ်အမျိုးသမီးမှာ ဝဲယာ လက်နှစ်ဘက်ကြေ မွ၊ယာနထင်ချိုင့်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
ယာဉ်မောင်းရန်နိုင်ဦး အပါအဝင် ၁၃ ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သည်။
အောင်ပန်းနယ်မြေရဲစခန်းကယာဉ်(ပ)၄/၁၉ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

















