အရွယ်ရောက်သူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥတစ်လုံးခွဲစားပါက ကြက်ဥမစားသူထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ အနည်းငယ်ပိုမိုများပြားကြောင်း အမေရိကန်ဆေးသိပ္ပံပညာရှင်အချို့က ထုတ်ဖော်လိုက်၍ အငြင်းပွားဖွယ် ဖြစ်နေသည်။
ကြက်ဥများများစားလေ နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်များလေဖြစ်ကြောင်း သုတေသီများ၏ ထပ်မံတွေ့ရှိချက်ကို မတ် ၁၅ ရက်ထုတ် အမေရိကန်ဆေးပညာအသင်း၏ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကိုလက်စထရောကို ကြက်ဥ၊ အခွံမာရေသတ္တဝါ၊ နို့ထွက်ကုန်နှင့် အနီရောင်အသားများတွင် တွေ့ရပြီး ကြက်ဥသည် အလွယ်ရသည့်နေ့စဉ်အစာထဲ ပါဝင်၍ အထူးပြုလေ့လာခဲ့ကြောင်း ဆိုသည်။
ကြက်ဥသည် လူအများနေ့စဉ်စားသုံးသင့်ကြောင်း လမ်းညွှန်မှုများရှိထားရာ ကြက်ဥစားသင့်မစားသင့် အငြင်းအခုန်များ ပြန်လည်သက်ဝင်လာသည်။
ယခုရလဒ်ကို အနောက်မြောက်ပိုင်းတက္ကသိုလ် ဖိန်းဘတ်ဆေးကျောင်းက ပြုလုပ်ခဲ့ကာ ပျမ်းမျှအသက် ၁၇ နှစ်အရွယ် လူ ၃၀ဝ၀ဝ နီးပါးကို ဆန်းစစ်၍ လေ့လာချက်ခြောက်ခုအရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကြက်ဥတစ်လုံးခွဲမှ ကိုလက်စထရော ၃၀ဝ မီလီဂရမ် နေ့စဉ်စားသုံးသူများသည် ကြက်ဥမစားသူများထက် နှလုံးရောဂါ ပိုဖြစ်နိုင်ခြေရှိသည်ဟု တွေ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် စူးစမ်းမှုတွင် ကြက်ဥနှင့် ကိုလက်စထရောသည် နှလုံးရောဂါဖြစ်ပွားစေကာ သေဆုံးနိုင်သည်ဟု ပါဝင်ခြင်း မရှိချေ။
သုတေသနပြုချက်တွင် ကြက်ဥကို တစ်ဝက်အကျက်ပြုတ်လော၊ ဖောက်၍ပြုတ်သလော၊ ကြော်သလော၊ ထောပတ်နှင့်ရောကြော်သလော၊ မည်သည့်စားသုံးပုံက ကျန်းမာရေးအန္တရာယ် ပိုများသနည်းဟု ဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်းလည်း ဝေဖန်ခံရသည်။
အမေရိကန်အစိုးရက နောက်ဆုံးထုတ်ပြန်ထားသည့် အဟာရလမ်းညွှန်ချက်တွင် နေ့စဉ် ကိုလက်စထရော အကန့်အသတ် မပါဝင်ဘဲ အနည်းငယ်စားသုံးရန်၊ ကြက်ဥများကို ပရိုတိန်းကြွယ်ဝသည့်အစားအစာအဖြစ် တစ်စိတ်တစ်ပိုင်း စားသုံးရန် အကြံပြုထားသည်။
မကြာမီက လေ့လာချက်အများစုတွင်လည်း အပတ်စဉ် ကြက်ဥအနည်းငယ်စားသုံးခြင်းသည် ကျန်းမာရေး ပုံမှန်ကောင်းသူများအတွက် နှလုံးရောဂါဖြစ်နိုင်ခြေနှင့် ဆက်နွှယ်မှုမရှိဟု ဖော်ပြထားကြောင်း ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာ ဖရန့်ဟူက ပြောဆိုခဲ့သည်။

















