ရာသီဥတုပြောင်းလဲမှုအရေး နိုင်ငံအချို့၌ ကျောင်းသားကျောင်းသူများ ချီတက်ဆန္ဒထုတ်ဖော်

ရာသီဥတုပြောင်းလဲမှုအရေး နိုင်ငံအချို့၌ ကျောင်းသားကျောင်းသူများ ချီတက်ဆန္ဒထုတ်ဖော်

ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံအစိုးရများက အရေးယူဆောင်ရွက်ရန် တွန့်ဆုတ်နေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအချို့၌ မတ် ၁၅ ရက်တွင် ကျောင်းသားကျောင်းသူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

အိန္ဒိယ၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် အမေရိကန်တို့ရှိ ကျောင်းသားကျောင်းသူများ ဆန္ဒပြနေသည်မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ဆန္ဒပြမှုများကို နိုင်ငံ ၁၀ဝ ခန့်တွင် ပြုလုပ်ဖွယ်ရှိနေသည်။

ဆွီဒင်လွှတ်တော်ရှေ့၌ အပတ်စဉ်ဆန္ဒထုတ်ဖော်ခဲ့သည့် ဆွီဒင်ဆယ်ကျော်သက် ဂရေတာသွန်းဘေ့၏လုပ်ရပ်ကို ထောက်ခံသည့်အနေဖြင့် ချီတက်မှုများရှိလာခဲ့ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်လျှင် ကမ္ဘာသူကမ္ဘာသားများ ပျက်ကွက်ခဲ့သည်ကို ဝန်ခံရမည်ဖြစ်ကြောင်း အသက် ၁၆ နှစ်အရွယ် ဂရေတာက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်၌ ဇန်နဝါရီတွင်ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောဆိုခဲ့သည်။ဂရေတာသည် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံထားရပြီးဖြစ်သည်။

မတ် ၁၅ ရက်တွင် ဥရောပတစ်ဝန်း၌ ကျောင်းသားကျောင်းသူနှင့် လူကြီး ၁၅၀ဝ၀ဝ ခန့် ချီတက်ဆန္ဒပြခဲ့ကြကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ကျောင်းနေအရွယ်ကလေး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြပြီး လေထုညစ်ညမ်းမှုပမာဏမြင့်တက်လာမှုနှင့်ပတ်သက်၍ အစိုးရက အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

ပါရီ၌လည်း ဆယ်ကျော်သက်များသည် ပန်သီယွန်အဆောက်အအုံနားတစ်ဝိုက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ဝါရှင်တန်၌လည်း ဆန္ဒပြသူများသည် ကျွန်တော်၊ ကျွန်မတို့ မသေလိုသေးဘူး ဟုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

တောင်အာဖရိကနိုင်ငံမြို့တော် ပရီတိုးရီးယား၌ ဆန္ဒပြသူအချို့သည် အာဖရိက မိုးနဲ့လွဲတော့မယ် ဟုရေးထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။

ကမ္ဘာကြီးပူနွေးလာမှု၏ဆိုးကျိုးများကို အာဖရိကသည် အဆိုးရွားဆုံးခံစားရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ပိုလန်နိုင်ငံ ဝါဆောနှင့် အခြားမြို့များ၌ ဆန္ဒပြသူများသည် ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။