အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်၌ အရေးပေါ်အခြေအနေကြေညာထားခြင်းကို ကွန်ဂရက်လွှတ်တော်က တရားဝင် ငြင်းဆန်ခြင်းကို ကာကွယ်ရန် သမ္မတဒေါ်နယ်ထရမ့်သည် ၄င်းသမ္မတသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗီတိုအာဏာကို မတ်လ ၁၅ ရက်က သုံးစွဲလိုက်သည်။
ထရမ့်၏ ကာလကြာရှည်ကတိတစ်ခုဖြစ်သည့် နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေရရှိနိုင်ရန် နယ်စပ်၌ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လွှတ်တော်ကလည်း ယင်းကြေညာချက်ကိုပိတ်ဆို့ရန် အားထုတ်ခဲ့သည်။
သမ္မတနှင့်လွှတ်တော်အကြား ထိပ်တိုက်တွေ့မှုသည့် ယခုအခါ တရားရုံးတော်ပေါ် ရွေ့လျားသွားပြီဖြစ်သည်။
လွှတ်တော်အနေဖြင့် ဆုံးဖြတ်ချက် လွတ်လွတ်လပ်လပ် ချမှတ်နိုင်သကဲ့သို့ ၄င်းအနေဖြင့်လည်း ဗီတိုအာဏာ သုံးစွဲရမည့်တာဝန်ရှိကြောင်း သမ္မတထရမ့်က မတ်လ ၁၅ ရက်၌ ပြောဆိုခဲ့သည်။
အရေးပေါ်အခြေအနေ ကြေညာပြီး တံတိုင်းအသုံးစရိတ်ခွင့်ပြုရန် ထရမ့်၏တောင်းဆိုချက်ကို မတ်လ ၁၄ ရက်၌ လွှတ်တော်က တရားဝင်ပယ်ချခဲ့သည်။
ထရမ့်တောင်းဆိုချက်ကို ကန့်ကွက်သူများတွင် ဒီမိုကရက်တစ်များအပြင် ရီပတ်ဘလီကန်အထက်လွှတ်တော် အမတ် ၅၃ ဦးအနက် ၁၂ ဦး ပါဝင်ခဲ့သည်။
သမ္မတထရမ့်၏ ဗီတိုအာဏာအသုံးပြုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်နှင့် အမေရိကန်ပြည်သူများ၏ ဆန္ဒကို အာခံခြင်းဖြစ်ကြောင်း၊ ယင်းဗီတိုအာဏာကိုကျော်လွွှားရန် မတ်လ ၂၆ ရက်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်ခေါင်းဆောင် နန်စီပလိုစီက ပြောဆိုခဲ့သည်။
လွွှတ်တော်၏ပယ်ချမှုကို ထရမ့်က ဗီတိုအာဏာဖြင့်ကာကွယ်လိုက်၍ အရေးပေါ်အခြေအနေ ကြေညာချက်သည် လွှတ်တော်သို့ ပြန်လည်ရောက်ရှိသွားပြီး ဗီတိုအာဏာကိုကျော်လွှားရန် လွွှတ်တော်နှစ်ရပ်ပေါင်း မဲသုံးပုံနှစ်ပုံ လိုအပ်သည်။
အရေးပေါ်အခြေအနေကြေညာချက်က ထရမ့်အတွက် နယ်စပ်အတားအဆီးဆောက်ရန် လွှတ်တော်ခွင့်ပြုငွေထက် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကို ခေါင်းစဉ်ပြောင်းသုံးစွဲခွင့်ရစေမည်ဖြစ်ပြီး ဗီတိုအာဏာကျော်လွှားရေးမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။

















