ဖေဖော်ဝါရီတွင် စပိန်နိုင်ငံ မက်ဒရစ်ရှိ မြောက်ကိုရီးယားသံရုံးကိုဝင်ရောက်စီးနင်းခဲ့မှု၏နောက်ကွယ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ဖြုတ်ချရန် လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့အစည်းတစ်ခုရှိနေကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြမှုကို အနောက်နိုင်ငံမီဒီယာများက ဆက်လက်ကိုးကားဖော်ပြခဲ့သည်။
အဖွဲ့၏အမည်မှာ ချီယိုလီမာ အရပ်ဘက်ကာကွယ်ရေးဖြစ်ပြီး ဖရီးဂျိုဆွန်ဟုလည်း သိကြကြောင်း သတင်းစာက သတင်းအရင်းအမြစ်များကိုထုတ်ဖော်ခြင်းမပြုဘဲ ဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကင်၏တူတစ်ဦးအား မကာအိုမှ ကယ်ဆယ်ခဲ့ပြီးနောက် အဖွဲ့သည် နာမည်သတင်းကျော်ကြားလာခဲ့သည်။
အဖွဲ့သည် မည်သည့်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ပို့စ်ကဖော်ပြခဲ့သည်။ ကင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီ ၂၇ မှ ၂၈ ရက်အထိ ဗီယက်နမ်တွင် တွေ့ဆုံဆွေးနွေးမှုကြောင့် အမေရိကန်ထောက်လှမ်းရေးဌာနများသည်လည်း ယင်းစီးနင်းမှုတွင်ပါဝင်ရန် တွန့်ဆုတ်နေခဲ့သည်။
အမျိုးအမည်မသိရသည့် လူတစ်စုသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် မက်ဒရစ်ရှိ မြောက်ကိုရီယားသံရုံးကိုထိုးဖောက်ဝင်ရောက်ပြီး ဝန်ထမ်းများကို ချုပ်နှောင်ကာ လေးနာရီအကြာတွင် ကွန်ပျူတာများကို ယူဆောင်သွားခဲ့ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။
မီဒီယာများ၏ဖော်ပြချက်ကို စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ခုက အတည်ပြုပြောဆိုခဲ့သည်။
၎င်းတို့လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းကမှ ဝန်ခံခြင်းမရှိခဲ့ချေ။ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည့် အတိုက်အခံအဖွဲ့အစည်းကို ဆက်သွယ်လို့မရခဲ့ဘဲ အဖွဲ့၏ဝက်ဘ်ဆိုက်တွင်လည်း စီးနင်းမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖော်ပြခြင်းမရှိခဲ့ချေ။
အနောက်နိုင်ငံတစ်နိုင်ငံရှိ မဟာမိတ်များက ကူညီမည်ဖြစ်ကြောင်း ပန်ကြားခဲ့ကြောင်း ဝက်ဘ်ဆိုက်၌ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြမှုရှိခဲ့သည်။
မက်ဒရစ်ရှိ မြောက်ကိုရီးယားသံရုံးသည် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုကိုဦးဆောင်နေသည့် ကင်ယော့ချို ၂၀၁၇ ခုနှစ်အထိ သံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် သံရုံးဖြစ်သည်။
စီးနင်းမှုအတွင်း သိမ်းဆည်းခဲ့သည့် ကွန်ပျူတာနှင့် ဖုန်းများတွင် ကင်ယော့ချိုနှင့်ပတ်သက်၍ သတင်းအချက်အလက်များရှိနိုင်သောကြောင့် နိုင်ငံခြားထောက်လှမ်းရေးများကလည်း ယင်းတို့ကို အပူတပြင်းလိုအပ်နိုင်ခြေရှိနေကြောင်း ထောက်လှမ်းရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုခဲ့သည်။

















