လူပျိုပေါက်အရွယ်တွင် မဟော်မုန်းများပြားမှုကြောင့် ရင်သားစူထွက်နေသဖြင့် စာသင်ကျောင်းတွင် လှောင်ပြောင်ခံခဲ့ရ၍ ရင်သားနေရာရှိ အဆီများကိုစုတ်ထုတ်သည့် ခွဲစိတ်ကုသမှုကိုခံယူခဲ့ရကြောင်း ဗြိတိန်အဆိုတော်နှင့် သီချင်းရေးဆရာ ဆမ်စမစ်က ဝန်ခံပြောဆိုခဲ့သည်။
ကျောင်းသားဘဝတွင် ရင်သားစူထွက်မှုကြောင့် အနိုင်ကျင့်ခံရလွန်းသဖြင့် အသက် ၁၂ နှစ်အရွယ်တွင် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း အဆိုတော်က ဖွင့်ဟခဲ့သည်။
ငယ်ရွယ်စဉ်မှစ၍ ခန္ဓာကိုယ်နှင့်ပတ်သက်၍ စိတ်မသက်မသာခံစားခဲ့ရကြောင်း အသက် ၂၆ နှစ်အရွယ် အဆိုတော်က ဝန်ခံခဲ့သည်။
အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်တွင် ဝဝတုတ်တုတ်လေးဖြစ်လာခဲ့ပြီး အသက်ကြီးလာသည်နှင့်အမျှ ပိုမိုဝလာသောကြောင့် အသက် ၁၂ နှစ်အရွယ်တွင် ခန္ဓာကိုယ်ထဲရှိ အဆီများကိုစုတ်ထုတ်သည့် ခွဲစိတ်ကုသမှုကိုခံယူခဲ့ရကြောင်း ၎င်းကပြောသည်။
ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင် ပျော်ရွှင်ခဲ့သော်လည်း အစားမက်ခဲ့သောကြောင့် နှစ်ပတ်အတွင်း ခန္ဓာကိုယ်အလေးချိန်ပြန်တက်လာခဲ့ကြောင်း စမစ်ကဆိုသည်။
ကျောင်းသားဘဝတွင် ဆိုးရွားသည့် အတွေ့အကြုံများရှိခဲ့ကြောင်း၊ အတန်းဖော်တစ်ဦးက အခြားလူများရှေ့တွင် ၎င်း၏ရင်သားကို ဆွဲကိုင်ပြီး လှုပ်ရမ်းကစားခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။
အသက် ရှစ်နှစ်အရွယ်တွင် အင်္ကျီချွတ်ရမည်ကိုစိုးရိမ်သောကြောင့် ရေကူးသင်တန်းမတက်လိုကြောင်း မိခင်ကိုပြောဆိုခဲ့သည်ဟု အဆိုတော်ကပြောသည်။
တစ်ခါတစ်ရံတွင် ၎င်းကိုယ်၎င်း အမျိုးသမီးတစ်ဦးကဲ့သို့ ထင်မှတ်နေခဲ့သောကြောင့် လိင်ပြောင်းရန်ပင် စဉ်းစားမိခဲ့ကြောင်း စမစ်ကပြောဆိုခဲ့သည်။

















