နယူးဇီလန်ဗလီတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုး

နယူးဇီလန်ဗလီတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုး

နယူးဇီလန်နိုင်ငံ ခရိုက်ချပ်မြို့မှ ဗလီနှစ်ခုအတွင်း ဝတ်ပြုသူများကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံခဲ့ရမှုကြောင့် သေဆုံးသူအရေအတွက်သည် မတ် ၁၇ ရက်၌ ၅၀ ရှိသွားပြီဖြစ်ကာ သေနတ်သမားတစ်ဦးတည်း၏လက်ချက်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

သံသယရှိသူအမျိုးသားနှစ်ဦးကို အခင်းဖြစ်နေရာအနီးတွင် ဖမ်းဆီးခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် စွဲချက်တင်ခဲ့သည်။ အမျိုးသမီးတစ်ဦးကိုလည်း သံသယဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း တစ်စုံတစ်ရာစွဲချက်မတင်ဘဲ ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းမိထားသည့် သေနတ်သမားဖြစ်ပြီး ၄င်းကိုယ်၄င်း လူဖြူကြီးစိုးရေးဝါဒီဟု ကြေညာထားသည့် သြစတြေးလျ နိုင်ငံသား အသက် ၂၈ နှစ်အရွယ် ဘရန်တန်တားရန့်အပြင် အခြားသုံးဦးဖမ်းဆီးခဲ့သော်လည်း ၄င်းသုံးဦး ပါဝင်ခြင်းမရှိခဲ့ဟု ယုံကြည်ရကြောင်း ရဲကော်မရှင်နာမင်းကြီးမိုက်ဘုရှ်က ပြောဆိုခဲ့သည်။

နယူးဇီလန်သမိုင်းတွင် အဆိုးရွားဆုံး ပစ်ခတ်မှုကြောင့် လူ၅၀ သေဆုံးခဲ့ပြီး အခြား ၅၀ ခန့်လည်း ဒဏ်ရာရရှိခဲ့သည်။အဲလ်နိုအာနှင့် လင်းဝုဒ်ဗလီအတွင်း သေဆုံးခဲ့သူများ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ဖော်ထုတ်မှုကို မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်နေကြောင်းလည်း ဘုရှ်ကပြောဆိုခဲ့သည်။

အစ္စလာမ္မစ်အစဉ်အလာအရ သေဆုံးသူများကို သေဆုံးပြီးနောက် သန့်စင်ကာ မြန်နိုင်သမျှမြန်မြန် မြှုပ်နှံသင်္ဂြိုဟ်ရမည်ဖြစ်သည်။

ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရမည်ဖြစ်သော်လည်း မတ် ၁၅ ရက်က သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း မတ် ၁၇ ရက်ထိ ကျန်ရစ်သူ မိသားစုများ အတိအကျ မသိရသေးချေ။

အလောင်းအနည်းငယ်ကို မိသားစုလွှဲပြောင်းပေးခဲ့ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က မတ် ၁၇ ရက်ညနေပိုင်းက ပြောဆိုခဲ့သည်။

သေနတ်နှင့်ဥပဒေ ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်းလည်း ၄င်းက ကတိပြုခဲ့ပြီးဖြစ်သည်။ဖြစ်ရပ်ဆိုးအတွက် နိုင်ငံတစ်ဝန်းမှစာနာမှုဖော်ပြခဲ့ကြပြီး သေဆုံးသူများအား မြှုပ်နှံရာတွင် ကူညီလိုသူများလည်း ခရိုက်ချပ်သို့ရောက်ရှိနေကြသည်။

သေဆုံးသူများတွင် ပါကစ္စတန်နိ်ုင်ငံသား ကိုးဦးအထိ ပါဝင်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်၌ ထုတ်ပြန်ခဲ့သည်။