ဆာဘီးယားနိုင်ငံတွင် သမ္မတ အလက်ဇန္ဒာဗူချစ်၏ သက်ဦးဆံပိုင်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသူများသည် မတ် ၁၆ ရက်က ဘဲလ်ဂရိတ်ရှိ နိုင်ငံပိုင်ရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာနတွင်း ဇွတ်အတင်းဝင်ရောက်ခဲ့သည်။
ဆာဘီးယားရုပ်သံသည် အကြီးအကျယ်ဘက်လိုက်ခဲ့ခြင်းကြောင့် ပြစ်တင်ရှုတ်ချသည့်အနေဖြင့် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ပြီး အဓိကကျသည့်ညပိုင်းသတင်း မလာမချင်း ပြန်လည်ထွက်ခွာမည်မဟုတ်ကြောင်း အတိုက်အခံခေါင်းဆောင်များ ပါဝင်သည့် ဆန္ဒပြသူများက ပြောဆိုခဲ့ကြသည်။
လုံထိန်းရဲများရောက်ရှိလာပြီး လုံးထွေးသတ်ပုတ်မှုအချို့ ရှိခဲ့သော်လည်းထိခိုက်ဒဏ်ရာရသည့်သတင်း မထွက်ခဲ့ချေ။
ရုပ်သံဌာနရှေ့တွင် ဆန္ဒပြသူထောင်ဂဏန်းရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီး နီဘိုဆာစတက်ဖာနိုဗစ်က ဆန္ဒပြသူများ အဆောက်အအုံတွင်းမှ ထွက်ခွာပေးရန်၊ သို့မဟုတ် ရုပ်သံသတင်းသမားများကိုကာကွယ်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။
ဆန္ဒပြသူများသည် ဖက်ဆစ်များဖြစ်၍ ပြင်းထန်စွာဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒာ ဗူလင်က အစိုးရလိုလားသည့် ပင့်ခ်တီဗွီမှတစ်ဆင့် ပြောဆိုခဲ့သည်။
အမျိုးသားရေးဝါဒီခေါင်းဆောင်ဗူချစ်ကို ဆန့်ကျင်မှုများ ငြိမ်းချမ်းစွာဖြစ်ပေါ်ခဲ့သည်မှာ လချီကြာမြင့်ခဲ့ပြီဖြစ်ပြီး ဗူချစ်နုတ်ထွက်ရေး၊ ရွေးကောက်ပွဲနှင့် မီဒီယာလွတ်လပ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး ပိုမိုရရှိရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ဆာဘီးယားကို အီးယူအတွင်းဝင်ရောက်ရေး ၄င်းခေါင်းဆောင်လိုကြောင်း ဗူချစ်က ပြောဆိုထားသည်။
ဆာဘီးယားမှ ၂၀ဝ၆ ခုနှစ်၌ ခွဲထွက်ခဲ့သည့် မွန်တီနီဂရိုးတွင်လည်း ကြာရှည်အုပ်စိုးနေသည့် သမ္မတမီလိုဒီဂျူကာနိုဗစ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
မီလိုဒီဂျူကာနိုဗစ်သည်လည်း မွန်တီနီဂရိုးကို ပြိုင်ဘက်ကင်း အုပ်ချုပ်နေသည်မှာ ဆယ်စုနှစ်သုံးခု ရှိပြီဖြစ်သည်။

















