အယ်ဘေးနီးယားနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများသည် မတ် ၁၆ ရက်တွင် လွှတ်တော်ကိုဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
လက်ရှိအစိုးရသည် အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နှက်နေသလို၊ လူဆိုးဂိုဏ်းများနှင့်လည်းအဆက်အစပ်ရှိနေကြောင်း ဆန္ဒပြသူများကစွပ်စွဲပြောကြားထားသည်။
အတိ်ုက်အခံဒီမိုကရက်တစ်ပါတီဦးဆောင်သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် မြို့လယ်ရှိဆိုရှယ်လစ် ဝန်ကြီးချုပ် အဒီရာမာ၏ ရုံးရှေ့လမ်းမပေါ်၌ စုဝေးကာဝန်ကြီးချုပ် နုတ်ထွက်ရေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဝန်ကြီးချုပ် ရာမာက ဆန္ဒပြသူများကိုမရင့်ကျက်သူများအဖြစ် ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်သည် အယ်ဘေးနီးယားကိုဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုပါ ထိခိုက်ရနိုင်သည်ဟုဝန်ကြီးချုပ်က ဝေဖန်လိုက်သည်။
အတိုက်အခံဒီမိုကရက်တစ်ခေါင်းဆောင် လူဇင် ဘာရှာဦးဆောင်သောဆန္ဒပြသူများသည် လွှတ်တော်ဆီသို့ ချီတက်ကာရဲများကိုမီးခိုးဗုံးများ၊ ခဲများဖြင့်ပေါက်ကာလွှတ်တော်ထဲဝင်ရန် ကြိုးပမ်းခဲ့ပြီးရဲများကမျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့်ထိုးကာလူစုခွဲခဲ့ရသည်။အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ရဲသုံးဦးနှင့် ဆန္ဒပြသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဝန်ကြီးချုပ် ရာမာ နုတ်ထွက်ကာ ၎င်းမပါဝင်သောအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန် အတိုက်အခံများကဖိအားပေးလျက်ရှိသည်။အာဏာရဆိုရှယ်လစ်ပါတီသည် လွှတ်တော်နေရာ ၁၄၀ အနက် ၇၄ နေရာကိုရရှိထားသည်။
သမ္မတအီလျာမတ်တာကအတိုက်အခံများ ငြိမ်းချမ်းစွာဆန္ဒပြရန် တိုက်တွန်းထားသည်။အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်းအတိုက်အခံများအကြမ်းမဖက်ရန် သတိပေးထားပြီး၊ အစိုးရနှင့် စားပွဲဝိုင်းထိုင်ကာဆွေးနွေးရန် နှိုးဆော်ထားသည်။
အယ်ဘေးနီးယားသည် လာမည့် ဇွန်လတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးစတင်ညှိနှိုင်းရန် သမဂ္ဂထံမှ ခွင့်ပြုချက်ရရှိမည်ဟုမျှော်လင့်ထားသည်။

















