နယူးဇီလန်ရှိ ဗလီနှစ်ခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ မွတ်စလင်ရွှေ့ပြောင်းဆန့်ကျင်ရေးစကားပြောဆိုခဲ့သည့် အထက်လွှတ်တော်အမတ် ဖရေဆာ အန်းနင်းဦးခေါင်းအား ကြက်ဥဖြင့်ထုနှက်ခဲ့သည့် ဆယ်ကျော်သက်လူငယ်ကိုထောက်ခံကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က မတ် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။
အန်းနင်းကို ကြက်ဥဖြင့်ထုခဲ့သည့် အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်သည် အွန်လိုင်းတွင် သူရဲကောင်းဖြစ်နေပြီဖြစ်သည်။
အထက်လွှတ်တော်အမတ် အန်းနင်းအား ဥပဒေအရ အရေးယူသင့်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ဆယ်ကျော်သက်သည် အန်းနင်းကို ကြက်ဥဖြင့် အနီးကပ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အန်းနင်းကလည်း တုံ့ပြန်သည့်အနေဖြင့် ဆယ်ကျော်သက်ကို နှစ်ကြိမ်တိုင်တိုင်ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
မတ် ၁၆ ရက်တွင် နိုင်ငံရေးဆိ်ုင်ရာအခမ်းအနားတစ်ခုအတွင်း လူငယ်သည် လွှတ်တော်အမတ် အန်းနင်းကို အနောက်ဘက်မှ ချဉ်းကပ်ပြီး ဦးခေါင်းနောက်ဘက်ကို ကြက်ဥဖြင့် ထုခဲ့ခြင်းဖြစ်ကြောင်း လူမှုမီဒီယာများတွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိ်ုင်တစ်ခုအရ သိရသည်။
အန်းနင်းကလည်း လူငယ်ကို ပြန်လည်ထိုးနှက်ရန် ကြိုးပမ်းခဲ့ပုံကို ဗီဒီယိုဖိုင်ထဲတွင်မြင်တွေ့ခဲ့ရသည်။
မွတ်စလင်အစွန်းရောက်များကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် နယူးဇီလန်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အန်းနင်းက ပြောဆိုခဲ့သည်။
အန်းနင်းသည် အကြမ်းဖက်တိုက်ခိုက်မှုကို ရွှေ့ပြောင်းအရေးနှင့် ဆက်စပ်၍ ရိုင်းစိုင်းစွာပြောဆိုခဲ့ပြီး အစ္စလာမ်ဆိုင်ရာယုံကြည်မှုကိုတိုက်ခိုက်ခဲ့ကာ ယင်းကဲ့သို့ ပြောဆိုမှုသည် စက်ဆုတ်စရာကောင်းသောကြောင့် ယင်းကဲ့သို့စကားများ သြစတြေးလျ၌ နေရာမရှိကြောင်း ဝန်ကြီးချုပ်မောရစ်ဆင်က ပြောဆိုခဲ့သည်။

















