ခရိုအေးရှားနိုင်ငံ၌ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူများအား ပြင်းပြင်းထန်ထန်အရေးယူပေးရန် အစိုးရကို တောင်းဆိုသည့်အနေဖြင့် မတ် ၁၆ ရက်တွင် လူထောင်ပေါင်းများစွာသည် မြို့တော် ဇာဂရက်နှင့် အခြားမြို့များ၌ ချီတက်ဆန္ဒပြခဲ့သည်။
လွန်ခဲ့သောလတွင် အာဒရီယာတစ်ပင်လယ်တွင်းရှိ ပက်ကျွန်း၌ အမျိုးသားတစ်ဦးသည် ကလေးလေးဦးအား ဝရံတာမှ ပစ်ချခဲ့ပြီးနောက် ခရိုအေးရှားနိုင်ငံတစ်ဝန်း #spasime ( Save Me) ကယ်တင်ပါ အမည်ရှိ လှုပ်ရှားမှုရှိလာခဲ့သည်။
ဇာဂရက်နှင့် အခြားမြို့များတွင် စုဝေးခဲ့သည့် ဆန္ဒပြသူများသည် လုံးဝသည်းခံမည်မဟုတ်နှင့် အကြမ်းဖက်မှုကို လုံးဝလက်မခံ ဟုစာများရေးထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။
ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေ ပလန်ကိုဗစ်သည်လည်း ဇာဂရက်ရှိ ဆန္ဒပြသူများနှင့်တွေ့ဆုံပြီး အိမ်တွင်းအကြမ်းဖက်ကျူးလွန်သူများကို ကြီးလေးသော ပြစ်ဒဏ်များချမှတ်ပြီး ယင်းကဲ့သို့ အကြမ်းဖက်မှုများမဖြစ်ပေါ်အောင် တားဆီးရေးလုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။
အသက် သုံးနှစ်မှ ရှစ်နှစ်အထိရှိသည့် ပက်မှ ကလေးငယ်များသည် ဖခင်ဖြစ်သူက အမြင့် ခြောက်မီတာ( ပေ ၂၀ )မှပစ်ချခဲ့မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။
အိမ်တွင်းအကြမ်းဖက်မှုကို သာမန်ပြစ်မှုတစ်ခုအဖြစ်မဟုတ်ဘဲ ရာဇဝတ်မှုအဖြစ်သတ်မှတ်စေလိုကြောင်း လှုပ်ရှားသူတစ်ဦးက ပြောဆိုခဲ့သည်။
စာသင်ကျောင်းများတွင် အိမ်တွင်းအကြမ်းဖက်မှုတားဆီးရေးနှင့် ပတ်သက်၍ ပညာပေးခြင်းနှင့် ယင်းအကြမ်းဖက်မှုတားဆီးရေးအတွက် အစိုးရဝန်ထမ်းများအား သင်တန်းများပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။
အနိုင်ကျင့်ခံရသူများ တိုင်ကြားနိုင်ရန်အတွက် ၂၄ နာရီ အရေးပေါ်တယ်လီဖုန်းလိုင်းထားရှိပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ခရိုအေးရှား၌ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း အမျိုးသမီး ၉၀ ဦးသည် လက်တွဲဖော်များ၊ လက်တွဲဖော်ဟောင်းများနှင့် ၎င်းတို့နှင့်ရင်းနှီးသူများ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည်။
၂၀၁၇ ခုနှစ် တစ်နှစ်တည်းမှာပင် အိ်မ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု ၁၁၅၀၆ မှုရှိခဲ့သည်။

















