ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် နိုင်ငံတစ်ဝန်းလှည့်လည်ကာ ထောက်ခံမှု စုဆောင်း

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် နိုင်ငံတစ်ဝန်းလှည့်လည်ကာ ထောက်ခံမှု စုဆောင်း

မိမိကိုယ်ကိုယ် ကြားဖြတ်သမ္မတအဖြစ် ကြေညာထားသည့် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ် ဂွိုင်ဒိုသည် မတ် ၁၆  ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းလှည့်လည်ပြီး ပြည်သူ့ထောက်ခံမှု တိုးပွားရေးဟောပြောနေပြီဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ဂွိုင်ဒိုသည် “လွတ်လပ်မှု စစ်ဆင်ရေး” အမည်ဖြင့် နယ်လှည့်ဟောပြောမည်ဖြစ်ကာ နိုင်ငံမြောက်ပိုင်းဗလန်စီယာမြို့မှ စတင်ခဲ့သည်။

ဂွိုင်ဒိုသည် အတိုက်အခံ  ကြီးစိုးထားသောလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ပြီး ပြီးခဲ့သောသမ္မတရွေးကောက်ပွဲသည် တရားမဝင်မှုကြောင့် မိမိသည်  သမ္မတအဖြစ် ယာယီတာဝန်ယူကြောင်းကြေညာခဲ့ရာ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် လက်တင်အမေရိကနိုင်ငံများက ဂွိုင်ဒိုကိုဗင်နီဇွဲလား  ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုခဲ့သည်။

မကြာခင်မှာပင် ဗင်နီဇွဲလားသမ္မတရုံးတွင် မိမိရုံးထိုင်မည်ဟု ဂွိုင်ဒိုက ကြွေးကြော်ထားသည်။

ဂွိုင်ဒိုသည် ပြည်သူ့ထောက်ခံမှုကိုစုဆောင်းကာ ပြည်သူ့ချီတက်ပွဲဖြင့် မြို့တော်  ကရာကတ်စ်ရှိသမ္မတရုံးကိုချီတက်မည်ဟုလည်း ကြေညာထားသည်။

မစ္စတာဂွိုင်ဒိုနှင့်အတူ နိုင်ငံသားလှုပ်ရှားမှု အင်အားစုအဖွဲ့များဖွဲ့စည်းရန် အတိုက်အခံဥပဒေပြုအမတ်များလည်းပါဝင်ပြီး နိုင်ငံတစ်ဝန်း ပြည်နယ် ၂၃ ခု၏  ထက်ဝက်ခန့်တွင် အင်အားစုငါးဆယ်ခန့်ထိ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

တစ်ချိန်တည်းမှာပင် သမ္မတနီကိုလက်စ် မာဒူရိုသည် ဗလန်စီယာမြို့တွင် စစ်ရေးလေ့ကျင့်ပွဲကျင်းပခဲ့ပြီး နိုင်ငံ၏  အခြေခံအဆောက်အအုံများကိုကာကွယ်ရန်ဟုကြေညာခဲ့သည်။

သီတင်းပတ်နှင့်ချီ  လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည်  အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှုကြောင့်ဟု သမ္မတမာဒူရိုကစွပ်စွဲထားပြီး ကျွမ်းကျင်သူများကမူ ကာလရှည်ကြာ ပြုပြင်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။