နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်း ဗဟိုဌာန(NRPC)က အင်န်စီအေလက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ် ခေါ်ခဲ့ပြီးနောက် မတ် ၂၁ ရက်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများရရှိရန်လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက မတ် ၁၆ ရက်၌ သုံးသပ်ပြောဆိုသည်။
ထိုဆွေးနွေးပွဲကို 'ဝ' အဖွဲ့က တက် ရောက်မည်ဖြစ်၍ ၎င်း၏ဦးဆောင်မှုအောက် တွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာလိမ့်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မှတ်ချက်ပြုကြသည်။
ဆွေးနွေးဖွယ်ရှိ
"ဒီတွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေထွက် လာမလဲစောင့်ကြည့်ရမှာပါ။ ရလဒ်ကောင်း ထွက်မယ်ဆိုရင် ကိုယ့်အဖွဲ့ကိုယ်ထိန်းရင်း တိုက်ပွဲတွေ လျော့နည်းသွားဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်"ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပြောဆိုသည်။
တိုက်ရိုက်ပတ်သက်
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြင်းထန်သော တိုက်ပွဲများတွင် တိုက်ရိုက်ပတ်သက်နေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)သည် နိုင်ငံရေး အရ ဖွဲ့စည်းထားသော မြောက်ပိုင်းကော်မတီ၏ အင်္ဂါစဉ်အရ 'ဝ' အဖွဲ့နှင့် ကေအိုင်အေတို့၏ ဦးဆောင်မှုအောက်တွင်ရှိသည်။ အေ အေက ဆွေးနွေးပွဲတက်ရောက်ရေးအပေါ် ၎င်းတို့အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောဆိုထားသော်လည်း ယခုဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးဖွယ်ရှိနေသည်။
လက်ခံရရှိ
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက် ပွဲများတွင် ပါဝင်ပတ်သက်နေသည့် တအာင်း လက်နက်ကိုင်အဖွဲ့(TNLA)ကလည်း အစိုးရ၏ဖိတ်ကြားမှုကို လက်ခံရရှိထားကြောင်းနှင့် ယင်းကိစ္စအတွက် ယခုရက်ပိုင်းအတွင်း ဆုံး ဖြတ်ချက်ချသွားမည်ဖြစ်သည်။
တွေ့ဆုံမည်
ယင်းဆွေးနွေးပွဲသို့တက်ရောက်ရန် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းဗဟိုဌာနက 'ဝ' ပြည်သွေးစည်းညီညွတ် ရေးပါတီ(UWSP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)၊ တအာင်း အဖွဲ့(TNLA)၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP)တို့ကို မတ် ၁၃ ရက်ကတည်းကဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး တစ်ဖွဲ့လျှင် ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦး တက် ရောက်ရမည်ဖြစ်ကာ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် သီးသန့်တွေ့ဆုံလိုသည့်အဖွဲ့အစည်း များအနေဖြင့် မတ် ၂၂ ရက်၌ တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
















