အင်ဒိုနီးရှား၌ ရေကြီးမြေပြိုမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှား၌ ရေကြီးမြေပြိုမှုကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူယာခရိုင်၌ ရုတ်တရက်ရေကြီးရေလျှံပြီး မြေပြိုမှုများရှိခဲ့သောကြောင့် လူ ၅၀ ဦးထက်မနည်းသေဆုံးပြီး ၅၉ ဦးဒဏ်ရာရရှိခဲ့သည်။

ပါပူယာခရိုင် ဇယပူရစီရင်စု၌ ရေကြီးရေလျှံမှုကြောင့် အိမ်ရာပေါင်းများစွာ ရေအောက်ရောက်ခဲ့ပြီး လမ်းနှင့်တံတားများပျက်စီးခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် ခက်ခဲခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန၏ပြောခွင့်ရှိသူ ဆုတိုပို ပူဝို နူဂရိုဟိုက ပြောဆိုခဲ့သည်။

ရုပ်အလောင်း ၅၀ ကို ရွှံ့ညွန်များ၊ နေအိမ်အပျက်အစီးများအောက်မှ မတ် ၁၇ ရက်တွင် ဆွဲထုတ်နိုင်ခဲ့ပြီး အခြားလူ ၅၉ ဦးကိုလည်း အရိုးကျိုးသည့် ဒဏ်ရာများဖြင့် ဆေးရုံတင်ကုသပေးနေရကြောင်း ၎င်းကပြောဆိုခဲ့သည်။

မတ် ၁၆ ရက် အနှောင်းပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများတွင် ကလေးသုံးဦးလည်းပါဝင်ခဲ့သည်။

သဘာဝဘေးဒဏ်ခံ နေရာအတော်များများသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ မရောက်ရှိသေးသောကြောင့် သေဆုံးသူဦးရေသည် ယခုထက်တိုးလာနိုင်ကြောင်း နူဂရိုဟိုက ပြောသည်။

လူ ၄၀ဝ၀ ကျော်သည် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရသည်။အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း၌ ဇန်နဝါရီတွင် ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် လူ ၇၀ ခန့်သေဆုံးကာ ယခုလအစောပိုင်းတွင် အနောက်ဂျာဗားခရိုင်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုကြောင့် လူထောင်ပေါင်းများစွာကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရသည်။