ဗီယက်နမ်နိုင်ငံတကာစီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ သည် မတ် ၂၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာပြီး ကြိုတင် လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စီစဉ်ပေး
ဗီယက်နမ်နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲကို ဧပြီ ၁၉ ရက်မှ ကျင်းပမည်ဖြစ်သော်လည်း သက်ထားသူဇာသည် မတ် ၂၆ ရက်ကတည်းက ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကာ ကြိုတင်လေ့ကျင့် မှုများပြုလုပ်ပြီးနောက် ပြိုင်ပွဲအား တစ်ဆက်တည်း ယှဉ်ပြိုင်မည်ဖြစ် သည်။ ယခုကဲ့သို့ ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန်အတွက် သက်ထားသူဇာအား အာရှကြက်တောင်အဖွဲ့ချုပ်မှ စီစဉ်ပေးခြင်းဖြစ် ကြောင်း သိရသည်။
မြင့်မား
သက်ထားသူဇာသည် ဗီယက်နမ် နိုင်ငံတကာစီးရီးကြက်တောင် ရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးပါက တရုတ်နိုင်ငံတကာစီးရီးကြက်တောင် ရိုက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ဧပြီနောက်ဆုံးအပတ်တွင် ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာမှာ ဗီယက်နမ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာဖွယ်ရှိနေ သည်။ သက်ထားသူဇာယှဉ်ပြိုင်မည့် အဆိုပါပြိုင်ပွဲနှစ်ပွဲမှာ ယခင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာစီးရီးပြိုင်ပွဲများထက် အဆင့်သတ်မှတ် ချက်ပိုမြင့်မားကြောင်းလည်း သိရသည်။
ရည်မှန်း
၂၀၂၀ တိုကျိုအိုလံပစ် လက်ရည်စစ်ပွဲ အောင်မြင်ရန် ရည်မှန်း ချက်ထားနေသည့် သက်ထားသူဇာသည် နိုင်ငံတကာကြက်တောင် ရိုက်ပြိုင်ပွဲများကို ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၈ ခုနှစ် အောက် တိုဘာလတွင် ကျင်းပခဲ့သည့် အီဂျစ်နိုင်ငံတကာစီးရီးပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့ပြီး ဒီဇင်ဘာတွင်ကျင်းပခဲ့သည့် နီပေါနိုင်ငံတကာစီးရီးပြိုင်ပွဲ၌ လည်း ဒုတိယဆုရရှိခဲ့သည်။ ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ယူဂန္ဓာနိုင်ငံတကာ စီးရီးပြိုင်ပွဲနှင့် ကင်ညာနိုင်ငံတကာ စီးရီးပြိုင်ပွဲတို့၌လည်း ချန်ပီယံဆုများရရှိခဲ့သည်။
တိုကျိုအိုလံပစ်လက်ရည်စစ်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသူ များမှာ ကမ္ဘာ့အဆင့် ၁၀ဝ အတွင်းရှိရမည်ဖြစ်၍ သက်ထားသူဇာမှာ အဆင့် ၁၀ဝ အတွင်းဝင်ရန် ပြိုင်ပွဲများကို ဆက်တိုက်ယှဉ်ပြိုင်လျက် ရှိပြီး ၎င်း၏လက်ရှိ ကမ္ဘာ့အဆင့်မှာ ၁၃၄၊ အာရှအဆင့် ၈၂ နှင့် အာဆီယံအဆင့် ၂၇ နေရာ၌ ရပ်တည်လျက်ရှိနေသည်။















