လေယာဉ်ပျက်မှ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာအရ လွန်ခဲ့သည့်တစ်ပတ်က အီသီယိုးပီးယားလေကြောင်းပိုင် ဘိုးအင်းလေယာဉ်ပျက်ကျပုံသည် အင်ဒိုနီးရှားမှ လိုင်းယွန်းလေကြောင်းပိုင် အလားတူဘိုးအင်းလေယာဉ် ပျက်ကျခဲ့ပုံနှင့် ရှင်းရှင်းလင်းလင်းတူညီနေကြောင်း အီသီယိုးပီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောဆိုလိုက်သည်။
အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုမှာ မတ် ၁၀ ရက်၊ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှာ ယမန်နှစ် အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ပြီး ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်အမျိုးအစားများသာဖြစ်သည်။
ယခုအခါ ယင်းလေယာဉ်များကို ထုတ်လုပ်သည့်အမေရိကန်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် ပျံသန်းမှု ရပ်ဆိုင်းထားရသည်။
အဒစ္စအဘာဘာမြို့တော်မှပျံတက်ခဲ့ပြီးမကြာမီ ပျက်ကျခဲ့သည့် ခရီးစဉ် ၃၀၂ အီသီယိုးပီးယားလေယာဉ်ပျက်မှ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကို ကောင်းမွန်စွာပြန်လည်တွေ့ရှိ၍ အတွင်းရှိ အချက်အလက်အားလုံးနီးပါးရရှိခဲ့ကြောင်း၊ ပဏာမစူးစမ်းမှုအရ လိုင်းယွန်းလေကြောင်းခရီးစဉ် ၆၁၀ နှင့် ပျက်ကျပုံနှစ်ခုတူညီနေကြောင်း ဝန်ကြီးဒက်ဂါမစ်မိုဂီးစ်က မတ် ၁၇ ရက်၌ ပြောသည်။
မည်သို့မည်ပုံတူညီနေကြောင်း အကျယ်ချဲ့၍ပြောဆိုခြင်း မရှိသေးသော်လည်း တွေ့ရှိချက် အသေးစိတ်ကို တစ်လအတွင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောသည်။
ဂြိုဟ်တုခြေရာခံမှတ်တမ်းများအရ ခရီးစဉ် ၆၁၀ နှင့် ခရီးစဉ် ၃၀၂ တို့ လှုပ်ရှားခဲ့ပုံ တူညီနေကြောင်းလည်း အမေရိကန်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(အက်ဖ်အေအေ)ကပါ ဝန်ခံခဲ့ရသည်။
လေယာဉ်နှစ်စင်းလုံး ပျံတက်ပြီးမကြာမီ အမြင့်ပေမတည်ငြိမ်ခြင်းကို လေယာဉ်မှူးများကြိုးစားထိန်းချုပ်ခဲ့ရပြီး လေယာဉ်ကွင်းသို့ပြန်လှည့်ဆင်းရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် အာရုံခံစနစ်နှင့် ဆော့ဖ်ဝဲများချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သည်ဟု သံသယရှိမှုများ ဖြစ်ပေါ်လာသည်။
လိုင်းယွန်းလေကြောင်းခရီးစဉ် ၆၁၀ ပျက်ကျမှုကြောင့် ၁၈၉ ဦး၊ အီသီယိုးပီးယားလေကြောင်းခရီးစဉ် ၃၀၂ ပျက်ကျမှုကြောင့် ၁၅၇ ဦး သေဆုံးခဲ့သည်။
ယင်းလေယာဉ်အမျိုးအစား ဘိုးအင်း ၇၃၇ မက်စ် ၈ အစီးပေါင်း ၃၇၀ ကျော် ထုတ်လုပ်သုံးစွဲနေပြီဖြစ်ကာ ယခုအခါ အားလုံးကို ပျံသန်းမှုရပ်နားထားရသည်။
ဆော့ဖ်ဝဲချွတ်ယွင်းမှုအပြင် တိုးတက် မွမ်းမံထားသည့် လေယာဉ်ဒီဇိုင်းသစ်ကြောင့်လည်း ပျက်ကျရသည်ဟုစွပ်စွဲခံနေရသည့် တစ်စင်း ဒေါ်လာသန်း ၁၂၀ ကျော် တန်သည့် ယင်းလေယာဉ်များကို ကမ္ဘာတစ်ဝန်းမှ အော်ဒါမှာကြားမှုသည် စုစုပေါင်းအစီးရေ ၅၀ဝ၀ စွန်းစွန်းရှိခဲ့သည်။

















