နယူးဇီလန်ပစ်ခတ်မှုတရားခံကို အွန်လိုင်းမှသေနတ်ရောင်းချခဲ့

နယူးဇီလန်ပစ်ခတ်မှုတရားခံကို အွန်လိုင်းမှသေနတ်ရောင်းချခဲ့

နယူးဇီလန်နိုင်ငံတွင် ဗလီနှစ်ခုတွင်းဝင်ရောက်ပစ်ခတ်၍ လူ ၅၀ သေဆုံးစေခဲ့သည့် သြစတြေးလျနိုင်ငံသား လူဖြူကြီးစိုးရေးဝါဒီ ဘရန်တန်တားရန့်ကို သေနတ်ဆိုင်က အွန်လိုင်းမှတစ်ဆင့် သေနတ်လေးလက်ရောင်းချခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင် သေနတ်ထိန်းချုပ်တော့မည်ဖြစ်ပြီး ကျင်းပရန်ရှိသည့် အကြီးကျယ်ဆုံးသေနတ်ပြပွဲတစ်ခုကိုလည်း ဖျက်သိမ်းလိုက်သည်။

ခရိုက်ချပ်ရှိ ဂန်းစီးတီးသေနတ်ဆိုင်ပိုင်ရှင် ဒေးဗစ်တစ်ပလီက တားရန့်သည် ရဲတပ်ဖွဲ့အသိအမှတ်ပြု အွန်လိုင်း အော်ဒါမှာယူမှုလုပ်ငန်းစဉ်ဖြင့် သေနတ်လေးလက်နှင့်ကျည်ဆန်များ ဝယ်ယူခဲ့ကြောင်း၊ ရောင်းသူအနေဖြင့် မည်သည့် ထူးခြားချက်မျှ မတွေ့ခဲ့ရကြောင်း၊ စစ်သုံးပုံစံသေနတ်များမူ ရောင်းချခဲ့ခြင်းမရှိကြောင်း မတ်လ ၁၈ ရက်၌ ရှင်းပြခဲ့သည်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က တားရန့်၏အစီအစဉ်နှင့်ပတ်သက်၍ သဲလွန်စထောက်လှမ်းမိမှု မရှိခဲ့ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်နှင့် သေနတ်ဥပဒေပြုပြင်ပြောင်းလဲရေးကို ၁၀ ရက်အတွင်း ကြေညာသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အစိုးရသည် ပုဂ္ဂလိကများအနေဖြင့် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်များပိုင်ဆိုင်မှုကို တားမြစ်တော့မည်ဖြစ်သည်။

အုတ်ကလန်မြို့တွင် မတ် ၂၃ ရက်၌ ကျင်းပရန်ရှိသည့် နယူးဇီလန်၏အကြီးကျယ်ဆုံးသေနတ်ပြပွဲကို ဖျက်သိမ်းလိုက်ကြောင်း ပွဲစီစဉ်သူများကထုတ်ပြန်ခဲ့သည်။

သေနတ်သမားတားရန့်သည် ၂၀၁၆ ခုနှစ်က ဂရိနိုင်ငံတွင်း လည်ပတ်ခဲ့ပြီး ဘူလ်ဂေးရီးယား၊ တူရကီ၊ ခရိုအေးရှားနှင့် ဟန်ဂေရီတို့သို့လည်း သွားရောက်ကာ ခရစ်ယာန်များနှင့် အော်တိုမန်အင်ပါယာအကြားစစ်ပွဲများသမိုင်းကို လေ့လာခဲ့သည်။

ပစ်ခတ်သူသည် တားရန့်တစ်ဦးတည်းသာဖြစ်ကြောင်းနှင့် ၄င်း၏ကျူးလွန်မှုကို အထောက်အကူ ပြုခဲ့သူရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ရဲကော်မရှင်မင်းကြီး မိုက်ဘွတ်ရှ်က ပြောသည်။

ပြန့်နှံ့နေသည့် တားရန့်၏ပစ်ခတ်ပုံဗွီဒီယို တစ်သန်းခွဲကို ပစ်ခတ်မှုအပြီး ၂၄ နာရီအတွင်း ဖယ်ရှားခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။