ဟောင်ကောင်တွင် မြေအောက်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ကာ အချက်ပြစနစ်သစ်ကိုစမ်းသပ်နေစဉ် မတ် ၁၈ ရက် နံနက်ပိုင်းက မြေအောက်ရထားနှစ်စီးတိုက်မိမှု ဖြစ်ပွားခဲ့သဖြင့် မြေအောက်ရထားပြေးဆွဲမှုများ ကြန့်ကြာပြီး ခရီးသည်သန်းချီသွားလာရေး အခက်အခဲကြုံခဲ့ကြရသည်။
ဘူတာကြီးနှင့် အမိုင်ရယ်တီဘူတာအကြားတွင် ရထားချင်းတိုက်မိခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ရထားဖြစ်သောကြောင့် ရထားပေါ်တွင် ခရီးသည်များ မပါဝင်ဘဲမောင်းသူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ကုသပေးထားရသည်။
ပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အချိန်အတော်ကြာကြာယူရဖွယ်ရှိကြောင်း ဟောင်ကောင် ရထားလိုင်းတာဝန်ရှိသူများက ပြောသည်။
ရထားချင်းတိုက်မိကာ ဆွမ်ဝန်ရထားလမ်းပိုင်းကိုအသုံးပြုမရနိုင်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် ထိုလမ်းပိုင်းကို ရှောင်တိမ်းကာ အခြားသောပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာကြရန်လည်း အများပြည်သူရထားပို့ဆောင်ရေးလုပ်ငန်း (အမ်တီအာရ်) က ထုတ်ပြန်ကြေညာထားသည်။
ရထားချင်းတိုက်မိသော နေရာသည် ဟောင်ကောင် အဓိကစီးပွားရေးရပ်ကွက်ရှိ မြေအောက်ရထားကွန်ရက်နေရာလည်း ဖြစ်သည်။
တိုက်မိသော ရထားနှစ်စင်းသည် အချက်ပြစနစ်သစ်များနှင့် ကိုက်ညီစေရန် အဆင့်မြှင့်တင်ထားပြီးသော ရထားများဖြစ်ကြောင်းလည်း အမ်တီအာရ်က ပြောသည်။
ရထားတိုက်မိရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဟောင်ကောင် မြေအောက်ရထားကွန်ရက်ကို ရုံးဖွင့်ရက်များတွင် စီးနင်းသူခြောက်သန်းခန့်ထိရှိသည်။

















