ဆီးရီးယားတွင် အမေရိကန်စစ်သည်တစ်ထောင် ချန်ထားမည့်သတင်း အမေရိကန်ငြင်း

ဆီးရီးယားတွင် အမေရိကန်စစ်သည်တစ်ထောင် ချန်ထားမည့်သတင်း အမေရိကန်ငြင်း

ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် တစ်ထောင်ဝန်းကျင်ထိ ချန်ထားမည်ဟူသော သတင်းများထွက်ပေါ်နေမှုသည်  မှားယွင်းကြောင်း၊ မူလအစီအစဉ်အတိုင်းအင်အား  နှစ်ရာခန့်သာချန်ထားမည်ဖြစ်ကြောင်း အမေရိကန်တပ်ပေါင်းစုသေနာပတိဗိုလ်ချုပ် ဂျိုးဆက် ဒန်းဖို့ဒ်က ပြောကြားလိုက်သည်။
 

အမေရိကန်၊ တူရကီ၊ ဥရောပမဟာမိတ်များနှင့် အမေရိကန်ကျောထောက်နောက်ခံပေးထားသော ကာ့ဒ်တပ်ဖွဲ့များဆွေးနွေးခဲ့သော်လည်းဆီးရီးယားအရှေ့မြောက်ပိုင်းတွင်  လုံခြုံရေးဇုန်ထူထောင်ရန် သဘောတူချက် မရခဲ့သဖြင့် အမေရိကန်သည် ကာ့ဒ်တပ်ဖွဲ့များနှင့် ပူးပေါင်းအားဖြည့်ရန် တပ်များကိုဆက်လက်ထားရှိရေး စီစဉ်နေသည်။

အစီအစဉ်အရအမေရိကန်တပ်ဖွဲ့ဝင် တစ်ထောင်ခန့်ထိဆီးရီးယားတွင် ချန်ထားရစ်မည်ဖြစ်ကြောင်း အမည်မဖော်သူအမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ ဝေါစထရိက ဖော်ပြသည်။

အမေရိကန်သည်  ဆီးရီးယားတွင်တပ်ဖွဲ့ဝင် တစ်ထောင်ထိချန်ထားရန် စီစဉ်နေသည်ဟုအမေရိကန်သတင်းစာတစ်စောင်က ဖော်ပြချက်သည်  လုံးဝမှားယွင်းပါကြောင်း ဗိုလ်ချုပ် ဒန်းဖို့ဒ်က ငြင်းချက်ထုတ်ခဲ့သည်။

“သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဖေဖော်ဝါရီလကြေညာချက်အတိုင်း အမေရိကန်တပ်ဖွဲ့တွေကို အနည်းဆုံးအကြွင်းအကျန်ပမာဏအထိ လျှော့ချ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဒန်းဖို့ဒ်က ပြောသည်။

တူရကီနှင့် ဆီးရီးယားနယ်စပ်တစ်လျှောက် လုံခြုံမှုရှိစေရေးအတွက် အမေရိကန်အနေဖြင့် တူရကီအာဏာပိုင်များနှင့် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဒန်းဖို့ဒ်ကဆိုသည်။

အမေရိကန်သမ္မတထရမ့်သည် အိ်ုင်အက်စ်ကိုအောင်နိုင်ပြီဖြစ်သောကြောင့် ဆီးရီးယားမှ  အမေရိကန်တပ်ဖွဲ့ဝင် နှစ်ထောင်ကို ပြန်လည်ခေါ်ယူမည်ဟု ကြေညာခဲ့မှုကြောင့် မဟာမိတ်များက ကန့်ကွက်ခဲ့သလို၊  ကာကွယ်ရေးဝန်ကြီးဂျင်မတ်တစ်လည်း နုတ်ထွက်ခဲ့သည်ကို တွေ့ရသည်။