အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်နှစ်ခုတွင် ဆောင်းနှောင်းရာသီ မြစ်ရေကြီးမှုကြောင့် အိုးအိမ်များ ရာချီ ပျက်စီးခဲ့ရပြီး ဒေသခံထောင်ချီ ရွှေ့ပြောင်းခဲ့ရသည်။
မစ်ဆူရီမြစ်ရေကြီးခြင်းကြောင့် အိုင်အိုဝါပြည်နယ် အနောက်တောင်ပိုင်းမှ ဒေသခံအချို့ကို အိုးအိမ်စွန့်ခွာကြရန် အာဏာပိုင်များက ဖိအားပေးခဲ့ရသည်။
အိမ်နီးချင်း နီဘရာစကာပြည်နယ်တွင်လည်း အလားတူအခြေအနေနှင့် ရင်ဆိုင်နေရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် နှင်းများအရည်ပျော်ခြင်းကြောင့် မစ်ဆူရီမြစ်ရေသည် နေရာများစွာတွင် စံချိန်တင် မြင့်တက်ခဲ့ပြီး အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။
နီဘရာစကာပြည်နယ် အကြီးအကျယ် ရေလွှမ်းမိုးမှုသည် ရက်ပေါင်းများစွာဆက်လက်တည်ရှိနေရန် မျှော်လင့်ရသည်။
ရေလွှမ်းမိုးမှုစတင်သည့် လွန်ခဲ့သည့်အပတ်မှစ၍ အိုင်အိုဝါပြည်နယ် နေရာရှစ်ခုမှ လူ ၂၀ဝ၀ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များက ပြောဆိုခဲ့သည်။
နီဘရာစကာကျေးလက်ဒေသတွင် အိမ်အလုံး ၅၀ဝ ပျက်စီးသွားကာ အော့ဖွတ်လေတပ်စခန်းသုံးပုံတစ်ပုံလည်း ရေလွှမ်းမိုးနေပြီး စခန်းမှ အဆောက်အအုံ ၆၀ ခန့် ပျက်စီးသွားသည်။
လူ ၃၀ဝ နီးပါးကို ကယ်ဆယ်ခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။မစ်ဆူရီမြစ်အောက်ပိုင်း ဒေသခံ ၇၆၀ဝ၀ ခန့် နေထိုင်သည့်နေရာတွင် စေတနာ့ဝန်ထမ်းများက မတ် ၁၉ ရက်အပြီး သဲအိတ်တစ်သိန်းခွဲဖို့ကာ ရေကြီးမှုကာကွယ်ရန် ကြိုးပမ်းနေသည်။
ယင်းမြစ်ရေသည် ၂၇ ပေ(၈ ဒသမ ၂ မီတာ) အမြင့်ထိ ရောက်ရှိရန် ခန့်မှန်းရပြီး ရေကြီးမှုစံသတ်မှတ်ချက်ထက်ပင် ၁၀ ပေ(၃ မီတာ) ပိုမိုမြင့်မားမည်ဖြစ်သည်။
ရေကြီးမှုကြောင့် ကင်းဆက်စီးတီး၊ မစ်ဆူရီနှင့် စိန့်လူးဝစ်အကြား ရထားပြေးဆွဲမှုများ နှောင့်နှေးလျက်ရှိသည်။

















