အမေရိကန်ကျောထောက်နောက်ခံပေးထာသောဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစု (အက်စ်ဒီအက်ဖ်)သည် ဆီးရီးယားနိုင်ငံအတွင်းအိုင်အက်စ် အကြမ်းဖက်သမားများ၏ နောက်ဆုံးခြေကုပ်စခန်းဘတ်ဟိုရွာကိုအပြီးသတ်ချေမှုန်းနိုင်ရေးအခက်အခဲများတွေ့နေသည်။
မိုင်းများ၊ လိုဏ်ခေါင်းများကြောင့် ထိုးစစ် အကန့်အသတ်ဖြစ်နေသလို၊ အိုင်အက်စ် လက်နက်ကိုင်များအကြားအမျိုးသမီးနှင့် ကလေးများလည်းရှိနေမှုကြောင့် ချိန်ဆထိုးစစ်ဆင်နေရသည်။
ဆီးရီးယားအရှေ့စွန်းအီရတ်နှင့် နယ်စပ်ရှိဘတ်ဟိုရွာကိုသိမ်းပိုက်ရေးတိုက်ပွဲသည် ရက်သတ္တပတ်များနှင့်ချီကာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
ဇန်နဝါရီလဆန်းမှစတင်ကာဘတ်ဟိုရွာမှ စစ်ဘေးလွတ်ရာ တိမ်းရှောင်လာသည့် အရပ်သားသုံးသောင်းကျော်ရှိနေပြီ ဖြစ်ကြောင်းအက်စ်ဒီအက်ဖ်ကပြောသည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်းဘတ်ဟိုရွာမှ ထွက်ပြေးကာခိုလှုံလာသူများထဲတွင် လက်နက်ချသည့် အိုင်အက်စ် လက်နက်ကိုင်များလည်းပါဝင်ကြောင်းအက်စ်ဒီအက်ဖ်ကပြောသည်။
ရွာအတွင်းလက်နက်ကိုင်များနှင့် အရပ်သားများမည်မျှ ကျန်သေးသည်ကိုအတိအကျပြောရန် ခက်နေသေးကြောင်း အက်စ်ဒီအက်ဖ်မှတပ်မှူး ကီနိုဂါဘရီရယ်ကပြောသည်။
ဘတ်ဟိုရွာဝန်းကျင်တွင် အိုင်အက်စ်ကမြေမြှုပ်မိုင်းများစွာထောင်ထားမှု၊ မြေအောက်လိုဏ်ခေါင်းများတူးကာအိုင်အက်စ်များကအက်စ်ဒီအက်ဖ် တပ်ဖွဲ့ဝင်များကိုတိုက်ခိုက်မှုများကြောင့်လည်းထိုးစစ်ကြန့်ကြာနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အက်စ်ဒီအက်ဖ်သည် အမေရိကန်နှင့် မဟာမိတ်များ၏ လေကြောင်းပစ်ကူမှုကိုယူကာ ဇန်နဝါရီ ၉ ရက်မှစတင်ပြီး ဘတ်ဟိုရွာကိုထိုးစစ်ဆင်ခဲ့သော်လည်းအရပ်သားများထွက်ခွာနိုင်ရေးအတွက် မကြာမကြာထိုးစစ်ရပ်ထားခဲ့ရသည်။

















