နယ်သာလန်နိုင်ငံအလယ်ပိုင်း ဥထရက်မြို့တွင် မတ် ၁၈ ရက်နံနက်ပိုင်းက ဓာတ်ရထား တစ်စင်းပေါ်၌ သေနတ်သမားတစ်ဦးကပစ်ခတ်၍ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကာ ထွက်ပြေးသွားသည့်သေနတ်သမားကို ခြေရာခံနေဆဲဖြစ်သည်။
ပစ်ခတ်မှုသည် အကြမ်းဖက်ဝါဒစွဲလုပ်ရပ်ဖြစ်ဖွယ်ရှိ၍ လုံခြုံရေးကို အဆင့်အမြင့်ဆုံးတပ် လှန့်ခဲ့ပြီး လေဆိပ်များနှင့် နိုင်ငံတစ်ဝန်း သံသယရှိသူရှာဖွေရေးအတွက် ဒတ်ချ်အာဏာပိုင်များက ဆောင်ရွက်နေသည်။
အချင်းဖြစ်နေရာမှာ စည်ကားရှုပ်ထွေးသည့်လမ်းဆုံးဖြစ်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ရဟတ်ယာဉ်များပါ ဖြန့်ချခဲ့သည်။
သံသယရှိသူသည် အသက် (၃၇)နှစ်အရွယ်တူရကီဖွားအမျိုးသား ဂိုခ်မန်တာနစ်ဆိုသူဖြစ်ကြောင်း နယ်သာလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အခြေအနေကိုအလွန်ပူပန်ကြောင်းနယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတီကပြောဆိုပြီး အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က အရေးပေါ်စည်းဝေးနေကြောင်း ထုတ်ပြန်ခဲ့သည်။
အကယ်၍ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုဖြစ်ခဲ့ပါကလည်း မိမိတို့နိုင်ငံ၏ဒီမိုကရေစီသည် တယူသန်ဝါဒနှင့်ရက်စက်မှုများထက် ပိုမိုအားကောင်းရမည်ဟုသာ အဖြေပေးလိုကြောင်းပြောဆိုသည်။
သေနတ်သမားသည် အနီရောင်ရေးနော့ဆီဒင်ကားငယ်တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ယင်းနောက် ကားကိုစွန့်ပစ်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထိန်းသိမ်းထားသူတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေနတ်သမားတစ်ဦးထက်ပိုသလောဟူ၍လည်း ရှင်းလင်းစွာ မသိရချေ။အိမ်နီးချင်းဂျာမနီ၏ရဲတပ်ဖွဲ့က နယ်စပ်၌စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နယ်သာလန်နှင့်နီးသည့် နယ်စပ်ဘက်အဝေးပြေးလမ်းမကြီးများသာမက ဖြတ်လမ်းငယ်များ၊ ရထားလမ်းများကိုပါ ရဲတပ်ဖွဲ့အင်အားတိုးချ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းဂျာမန်ရဲက ပြောသည်။

















