နယ်သာလန်ဓာတ်ရထားပေါ် ပစ်ခတ်ခဲ့သူကို ဖမ်းမိ

နယ်သာလန်ဓာတ်ရထားပေါ် ပစ်ခတ်ခဲ့သူကို ဖမ်းမိ

နယ်သာလန်နိုင်ငံ၊ ဥထရက်မြို့မှ ဓာတ်ရထားတစ်စီးပေါ်တွင် လူသုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိစေခဲ့သည့် ပစ်ခတ်မှုကျူးလွန်သူကို နယ်သာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပေါင်းများစွာအကြာတွင် တရားခံဟုသံသယရှိသူ အသက် ၃၇ နှစ်အရွယ် တူရကီဖွားအမျိုးသား ဂိုခ်မန်တာနစ်ကို အခင်းဖြစ်ပွားခဲ့ရာမှ နှစ်မိုင်(၃ ကီလိုမီတာ)အကွာ၌ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နယူးဇီလန်နိုင်ငံ ခရိုက်ချပ်မြို့ရှိ ဗလီနှစ်ခုတွင်း လူဖြူကြီးစိုးရေးဝါဒီတစ်ဦး ဝင်ရောက်ပစ်ခတ်၍ လူ ၅၀ သေဆုံးခဲ့ရပြီး သုံးရက်အကြာတွင် ယခုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းဖြစ်ရပ်နှစ်ခုအကြား တစ်စုံတစ်ရာ ဆက်နွှယ်မှုရှိကြောင်း ညွှန်းဆိုမှု မရှိသေးချေ။

နယ်သာလန်၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် ဥထရက်၌ မတ် ၁၈ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ရဲတပ်ဖွဲ့ထံ သတင်းဝင်ရောက်လာခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်တွင် သေနတ်သမားက ကားတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွား၍ ၄င်းကို ခြေရာခံရန် မြို့၏လမ်းများ၊ ကျောင်းများပိတ်၍ နိုင်ငံတစ်ဝန်းနှင့် နယ်စပ်မကျန် လုံခြုံရေးအင်အားအလုံးအရင်းနှင့် ခြေရာခံရှာဖွေခဲ့ရသည်။

တာနစ်အပြင် အခြားသံသယရှိသူတစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း ရဲက ပြောဆိုခဲ့ပြီး အသေးစိတ်မသိရသေးပေ။

ပစ်ခတ်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုအသွင်ဖြစ်သော်လည်း မိသားစုအရေးများကြောင့်ဖြစ်နိုင်ကြောင်း အစိုးရရှေ့နေက မတ် ၁၈ ရက် ညနေပိုင်းတွင် ပြောဆိုခဲ့သည်။

တာနစ်သည် ပြစ်မှုမှတ်တမ်းရှိခဲ့သကဲ့သို့ အိုင်အက်စ်အုပ်စုနှင့်ဆက်နွှယ်သည့် ချေချင်းညာသို့ သွားရောက်ခဲ့ဖူးကြောင်း သတင်းအချို့ ထွက်ပေါ်လျက်ရှိသည်။

မေးခွန်းထုတ်စရာများနှင့် ကောလာဟလများ ရှိနေကြောင်း၊ ပစ်ခတ်မှုကိုစေ့ဆော်သည့်အကြောင်းရင်း မရှင်းလင်းသေးကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတီက ပြောဆိုခဲ့သည်။

မတ် ၂၁ ရက်၌ ပြုလုပ်ရန်ရှိသည့် ဒေသဆိုင်ရာရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး ထိခိုက်သူများအတွက် ဝမ်းနည်းကြောင်းပြသရန် နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူကြရန်လည်း ပြောဆိုခဲ့သည်။

အချင်းဖြစ်ပွားရာဥထရက်မြို့တွင် လူဦးရေ ၃၄၀ဝ၀ဝ ခန့် နေထိုင်ကြပြီး ရာဇဝတ်မှုဖြစ်ပွားမှုနည်းပါးကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုမှာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်သည်။