နယူးဇီလန်နိုင်ငံတွင် ဗလီနှစ်ခုတွင်း ဝတ်ပြုနေသူ ၅၀ သေဆုံးစေကာ အများအပြား ဒဏ်ရာရရှိစေခဲ့သည့် သေနတ်သမား လူဖြူကြီးစိုးရေးဝါဒီ၏အမြင်သဘောထား ပြန့်နှံ့မှုမရှိအောင် ၄င်း၏သြဇာကို အစွမ်းကုန်အသုံးချသွားမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က မတ် ၁၉ ရက်၌ ကြေညာလိုက်သည်။
ပြစ်မှုကျူးလွန်သူ သြစတြေးလျနိုင်ငံသား ၂၈ နှစ်အရွယ် ဘရန်တန်တားရန့်က ၄င်း၏ရှေ့နေကို ဖြုတ်ပယ်လိုက်ပြီး ၄င်းကိုယ်တိုင်အမှုအတွက် ခုခံထွက်ဆိုမည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် ဝန်ကြီးချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။
တရားရုံးကို လူဖြူကြီးစိုးရေးဝါဒဖြန့်ဖြူးရာပလက်ဖောင်း အဖြစ်မခံနိုင်ကြောင်း ညွှန်းဆိုခဲ့ခြင်း ဖြစ်သည်။
အလွန်ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိ်ုက်မှု ကျူးလွန်ခဲ့ခြင်းအတွက် ဆင်ခြေပေါင်းများစွာပေးပြီး ၄င်း၏ ကောက်ကြောင်းကို မြှင့်တင်မည်ကို မိမိတို့က လုံးလုံးလျားလျားဆန့်ကျင်ကြောင်း၊ ကတိပေးနိုင်သည်မှာ ၄င်း၏ အမည်နာမကိုပင် အဖက်လုပ်ထည့်သွင်းပြောဆိုမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က ပြောဆိုခဲ့သည်။
ပြစ်မှုအတွက် ကြားနာစစ်ဆေးမှုကို တံခါးပိတ်ပြုလုပ်လိုသည်မှာ မိမိဆန္ဒဖြစ်ကြောင်း၊ သို့သော် မိမိဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ယင်းနောက် လွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌လည်း သေနတ်သမား၏ ကျော်ကြားလိုမှုကို သိသာထင်ရှားစွာ တောင်းဆိုလိုမှုအား ရှောင်ရှားရေး ၄င်း၏ဦးဆောင်မှုနောက် လိုက်ပါကြရန် အာဒန်က တိုက်တွန်းခဲ့သည်။
သေနတ်သမားသည် မတ် ၁၅ ရက်က ဗလီနှစ်ခုတွင်း ဝင်ရောက်ပစ်ခတ်ခြင်းမပြုမီ ၄င်း၏သဘောထား ကြေညာစာတမ်းကို ဝန်ကြီးချုပ်ရုံးနှင့် အခြားနေရာများစွာသို့ ပေးပို့ခဲ့ပြီး ပစ်ခတ်မှုကျူးလွန်ချိန်တွင်လည်း လူမှုကွန်ရက်၌ ဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် အများအာရုံကို ဆွဲဆောင်လိုသည်မှာ ထင်ရှားခဲ့သည်။
ယင်းဗွီဒီယိုမိတ္တူ တစ်သန်းခွဲကို ၂၄ နာရီအတွင်း ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့သည်ဆိုသော်လည်း ဖြစ်ရပ်ဆိုးနောက် လေးရက်အထိ ပုံရိပ်များ အွန်လိုင်းပေါ်တွင် ကျန်ရှိနေဆဲဖြစ်၍ စိတ်ပျက်ခံပြင်းမိကြောင်းလည်း အာဒန်ကပြောဆိုခဲ့သည်။
အာဒန်သည် အလားတူဗွီဒီယိုမျိုးမပြန့်ပွားရေးနှင့် အခြေအနေငြိမ်သက်အောင် ကမ္ဘာလုံးဆိုင်ရာအားထုတ်မှုအရေးကြီးပုံကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၊ ဗြိတိန်ဝန်ကြီးချုပ်တို့နှင့်ပါ ဆွေးနွေးခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆန် ကလည်း လူမှုကွန်ရက်ကုမ္ပဏီများက အကြမ်းဖက်တိုက်ခိ်ုက်မှုများ ထုတ်လွှင့်မှုကို တိုက်ဖျက်ကြရန် ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။

















