အင်ဒိုနီးရှား၌ မိုးကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၈၉ ဦးရှိပြီဖြစ်

အင်ဒိုနီးရှား၌ မိုးကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၈၉ ဦးရှိပြီဖြစ်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံကာ မြေပြိုမှုများဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူဦးရေသည် ၈၉ ဦးအထိရှိသွားပြီဖြစ်ကာ လူဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန ဝန်ထမ်းများက ပြောသည်။

ရေကြီးရေလျှံမှုဒဏ်အများဆုံးခံခဲ့ရသည့် ဒေသမှာ ဆန်တာနီခရိုင်ဖြစ်ပြီး တောင်ပေါ်တွင် မြေပြိုရာမှ မြစ်ထဲသို့ ရွှံ့ညွန်များ၊ ကျောက်ခဲများနှင့် သစ်ပင်များကျဆင်းလာခဲ့မှု၏အကျိုးဆက်အဖြစ် မြစ်ရေလျှံခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန၏ပြောခွင့်ရှိသူ ဆုတိုပို ပူဝို နူဂရိုဟိုက ဆိုသည်။

ရွှံ့ညွန်များနှင့် နေအိမ်အပျက်အစီးများအောက်မှ ရုပ်အလောင်း ၈၉ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၉ ဦးရှိခဲ့ကြောင်း ၎င်းက မတ် ၁၉ ရက်တွင် ပြောသည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် လူ ၇၄ ဦးတို့ကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် စစ်သည်များအပါအဝင် ကယ်ဆယ်ရေးသမား ၁၆၀ဝ ကျော်ခန့်ဖြင့် ရှာဖွေကယ်ဆယ်မှုများကိုပြုလုပ်နေပြီး ယန္တရားကြီးများအကူအညီမရသောကြောင့် အပျက်အစီးများကိုရှင်းလင်းရန် အခက်အခဲရှိနေကြောင်း ပါပူယာခရိုင်ရှိ စစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူး မိုဟမ္မဒ် အိုင်ဒီကပြောဆိုခဲ့သည်။