ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ယူကရိန်းထံမှ သိမ်းယူကာ ရုရှားနိုင်ငံတွင်းသို့ သွတ်သွင်းခဲ့သည့် ငါးနှစ်ပြည့် အခမ်းအနားကို မတ် ၁၈ ရက်က ကျင်းပခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင် တက်ရောက်ခဲ့သည်။
ခရိုင်းမီးယားမြို့တော် ဆင်ဖာရိုပိုတွင် သမ္မတပူတင်သည် လူထုနှင့် တွေ့ဆုံခဲ့ပြီး ခရိုင်းမီးယားပြည်သူများသည် ဒုတိယကမ္ဘာစစ်ကာလ တပ်နီတော်တပ်သားများနှင့် ဆင်တူကြောင်းလည်း နှိုင်းယှဉ်ပြောကြားခဲ့သည်။
ငါးနှစ်ပြည့် အခမ်းအနားနှင့်အတူ ခရိုင်းမီးယားတွင် နျူကလီးယားဓာတ်အားပေးရုံလည်း ဖွင့်လှစ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ရုရှားကသိမ်းပိုက်ပြီးနောက် ယူကရိန်းသည် ခရိုင်းမီးယားကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့မှုကြောင့် နျူကလီးယားဓာတ်အားပေးရုံ တည်ဆောက်ကာ အခြေခံအဆောက်အအုံကဏ္ဍ ဖြည့်ဆည်းပေးမည်ဟု ရုရှားက ကတိပြုခဲ့ခြင်း ဖြစ်သည်။
ခရိုင်းမီးယားသို့သွားမည့် ကုန်သင်္ဘောများကိုလည်းယူကရိန်းရေပြင်မှ ဖြတ်သန်းခွင့် မပေးကြောင်း တွေ့ရသည်။
ရုရှားသည် ခရိုင်းမီးယား အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရေးအတွက် ၁၉ ကီလိုမီတာရှည်သော တံတားသစ်ကို ပြီးခဲ့သည့်နှစ်ကတည်းက တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ထိုတံတားသည် ပင်လယ်နက်နှင့် အေဇော့ပင်လယ်ကို ချိတ်ဆက်ပေးခဲ့ပြီးဒေါ်လာ ၃ ဒသမ၆ ဘီလျံကုန်ကျကာခရိုင်းမီးယားကို ရုရှားနှင့် ကုန်းလမ်းဖြင့် ချိတ်ဆက်နိုင်ခဲ့သည်။
ယခင်ကလေထန်သော ပင်လယ်ပြင်ကို ဖယ်ရီသင်္ဘောများဖြင့်သာ ဖြတ်သန်းသွားလာခဲ့ရခြင်း ဖြစ်သည်။
ခရိုင်းမီးယားကိုယူကရိန်းထံမှ သိမ်းပိုက်မှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ရုရှားကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီးစီးပွားဆန်ရှင်အများအပြားချမှတ်ခဲ့မှုကြောင့် ရုရှားစီးပွားဆိုးရွားစွာအထိနာခဲ့ရသော်လည်း သမ္မတပူတင်သည် ပြည်တွင်း၌ လူကြိုက်များမှု သိသိသာသာ မြင့်တက်လာခဲ့သည်။

















