ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်အားပျံသန်းခွင့်ပြုပေးခဲ့ခြင်းကို အမေရိကန်တရားရေးဌာန ပြန်လည်စစ်ဆေးနေ

ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်အားပျံသန်းခွင့်ပြုပေးခဲ့ခြင်းကို အမေရိကန်တရားရေးဌာန ပြန်လည်စစ်ဆေးနေ

ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များပျံသန်းရန် ခွင့်ပြုပေးခဲ့စဉ်ကအချက်အလက်များကို အမေရိကန်ပြည်ထောင်စုတရားရေးဌာနက ပြန်လည်စစ်ဆေးလျက်ရှိသည်။

အီသီယိုးပီးယားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ်ပျက်ကျမှုမှ ပျံသန်းမှု မှတ်တမ်းတင်စက်ကို စစ်ဆေးနေသော ပြင်သစ်ကျွမ်းကျင်သူများကလည်း လေယာဉ်ပျက်ကျမှုပုံစံသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာက လိုင်းယွန်းအဲလေကြောင်းမှ ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ် ပျက်ကျမှုနှင့် ပုံစံတူနေကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (အက်ဖ်အေအေ) သည် ဘိုးရင်း၏ ၇၃၇ မက်စ် လေယာဉ်များ ဘေးကင်းလုံခြုံမှုကို မည်သည့်စံနှုန်းများဖြင့် အကဲဖြတ်ကာခွင့်ပြုချက် ချထားပေးခဲ့ကြောင်းကို တရားရေးဌာနကစစ်ဆေးနေခြင်းဖြစ်ကြောင်း အမည်မဖော်သူ အတွင်းသတင်းရင်းမြစ်တစ်ခုက ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုတရားသူကြီးတစ်ဦးက တာဝန်ယူကာဘိုးရင်းမှ တာဝန်ရှိသူတစ်ဦးထံ အကြောင်းကြားစာပေးပို့ထားကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။

အမေရိကန်ပြည်ထောင်စု ပို့ဆောင်ရေးဝန်ကြီးဌာနသည်လည်း ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များအား အက်ဖ်အေအေသည် မည်သို့ စိစစ် ခွင့်ပြုချက်ချထားပေးခဲ့ကြောင်းကို စစ်ဆေးနေပြီဖြစ်ကြောင်း အမည်မဖော်သူအရာရှိတစ်ဦးက ပြောသည်။

ဘိုးရင်း ၇၃၇ မက်စ်၏ လေယာဉ်မတ်စောက်စွာပျံတက်စဉ် ထိန်းချုပ်မှုမဲ့သွားခြင်းမျိုးကို ကာကွယ်ပေးမည့် ဆော့ဖ်ဝဲစနစ်ကိုလည်း အမေရိကန် စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၉ ရက်က အင်ဒိုနီးရှားကမ်းလွန်တွင် လိုင်းယွန်းအဲလေယာဉ်ပျက်ကျမှုကြောင့် လူ ၁၈၉ ဦးသေဆုံးရမှုသည် ထိုဆော့ဖ်ဝဲစနစ် ချို့ယွင်းခြင်းနှင့် ဆက်စပ်နေနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ထားပြီးယခုနှစ် မတ် ၁၀ ရက်က အီသီယိုးပီးယားလေယာဉ်ပျက်ကျကာ ၁၅၇ ဦးသေဆုံးရမှုတွင်လည်း ထိုဆော့ဖ်ဝဲအပေါ် သံသယဝင်လျက်ရှိကြသည်။