မိုဇမ်ဘစ်သို့ ဆိုင်ကလုန်းဝင်ရောက်၊ လူတစ်ထောင်ကျော်သေဆုံးနိုင်ခြေရှိ

မိုဇမ်ဘစ်သို့ ဆိုင်ကလုန်းဝင်ရောက်၊ လူတစ်ထောင်ကျော်သေဆုံးနိုင်ခြေရှိ

မိုဇမ်ဘစ်နိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လေးရက်အကြာတွင် သေဆုံးသူပမာဏသည် တစ်ထောင်ကျော်ထိရှိနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။

“တကယ့်ကိုဆိုးကျိုးထိခိုက်မှုများတဲ့ သဘာဝဘေးဆိုးကြီးပါ” ဟု သမ္မတဖိလစ်ယူဆီက ပြောသည်။

အာဖရိကအရှေ့တောင်ပိုင်းရှိလူဦးရေသန်း ၃၀ ရှိသော မိုဇမ်ဘစ်နိုင်ငံ၏ လက်ရှိမျိုးဆက်အတွင်း အီဒိုင် ဆိုင်ကလုန်းမုန်တိုင်းသည် လူသေဆုံးမှု အများဆုံးမုန်တိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အီဒိုင် ဆိုင်ကလုန်းသည် မိုဇမ်ဘစ်နိုင်ငံအတွင်း လူငါးသိန်းခန့် နေထိုင်သော အိန္ဒိယသမုဒ္ဒရာဆိပ်ကမ်းမြို့ ဘိုင်ရာသို့ မတ် ၁၄ ရက်က ဦးဆုံးဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းပိုင်းသို့ ရွေ့လျားကာ ဇင်ဘာဘွေ၊ မာလဝီနိုင်ငံများသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံသည်  ဆက်သွယ်ရေးစနစ်၊ လမ်းကွန်ရက်စနစ်များ အားနည်းမှုကြောင့် ဆိုင်ကလုန်းကြောင့် သေဆုံးစာရင်းများကို ချက်ချင်းမသိနိုင်ဘဲ လေးရက်ခန့်အကြာတွင်မှ  သေဆုံးသူတစ်ထောင်ကျော်  ရှိနိုင်ကြောင်း အကြမ်းဖျင်းခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

“လက်ရှိအချိန်ထိတရားဝင်ကောက်ယူရရှိထားတဲ့ သေဆုံးစာရင်း ၈၄ ဦးသာရှိသေးပေမယ့် တစ်ထောင်ကျော်ထိ သေဆုံးသူရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်”  ဟုသမ္မတယူဆီက ပြောသည်။

အီဒိုင် မုန်တိုင်းကြောင့် ဇင်ဘာဘွေ အရှေ့ခြမ်းဒေသတွင် လူ ၈၀ ကျော် သေဆုံးခဲ့သလို၊  မာလဝီတွင်လည်း ၅၀  ကျော် သေဆုံးကြောင်း တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။

ဇင်ဘာဘွေ အရှေ့ခြမ်းဒေသတစ်ခုတည်းမှာပင် နေအိမ် တစ်ထောင်ကျော် ပျက်စီးခဲ့သည်။

အရေးပေါ် အကူအညီလိုအပ်သည့် ဒေသများသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့တို့ကလည်း အကူအညီများပေးပို့လျက်ရှိသည်။