ပါလက်စတိုင်းဒုက္ခသည်များအား ကူညီရန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံလိုအပ်နေ

ပါလက်စတိုင်းဒုက္ခသည်များအား ကူညီရန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံလိုအပ်နေ

ပါလက်စတိုင်းသားဒုက္ခသည် ၅ ဒသမ ၃ သန်းအတွက် ယမန်နှစ်တွင် လိုငွေ ဒေါ်လာ ၄၄၆ သန်းကို ဖြည့်ဆည်းပေးခဲ့သည့်အလှူရှင်များအနေဖြင့် ၂၀၁၉ ခုနှစ်တွင်လည်း လိုအပ်နေသည့် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကိုထည့်ဝင်ဖြည့်ဆည်းပေးရန် ကုလသမဂ္ဂ၏ ပါလက်စတိုင်းသားများအား အကူအညီပေးရေး အေဂျင်စီ( UNRWA) ၏ အကြီးအကဲ ပီရီ ခရာဟန်ဘူက မတ် ၁၈ ရက်တွင် ပြောသည်။

ယမန်နှစ်တွင် ယခင်နှင့်မတူသော အခက်အခဲရှိပြီး သာမန်ထက်ကျော်လွန်သည့် အကူအညီများရရှိခဲ့ကြောင်း ခရာဟန်ဘူက ဆိုသည်။

ယခုနှစ်တွင် ကုလသမဂ္ဂသည် ပါလက်စတိုင်းသားများအား ကူညီရန်အတွက် အမေရိကန်ထံမှ ထည့်ဝင်ငွေရရှိမည်မဟုတ်ချေ။

အမေရိကန်အစိုးရသည် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ  သန်း ၃၆၀ ကိုအကူအညီပေးခဲ့သော်လည်း သမ္မတဒေါ်နယ်ထရမ့်၏အစိုးရသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ သန်း ၆၀ ကိုသာ ထောက်ပံ့ပေးခဲ့သည်။

အမေရိကန်ထံမှ အကူအညီများရရှိလိုပါက ပါလက်စတိုင်းသားများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပြန်လည်ပါဝင်ရမည်ဖြစ်ကြောင်း ထရမ့်က ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင်ပြောဆိုခဲ့သည်။

အမေရိကန်က လှူဒါန်းငွေများကို လျှော့ချခဲ့ပြီးနောက် ဥရောပသမဂ္ဂဦးဆောင်သော အလှူရှင်များ၏ ထူးခြားသော လှူဒါန်းမှုများကြောင့် အကူအညီများကိုပေးနိုင်ခဲ့ကြောင်း ခရာဟန်ဘူက ပြောသည်။

ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်၊ ဂျပန်၊ ကနေဒါနှင့် သြစတြေးလျတို့အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်း ၄၀ ခန့်သည် UNRWA သို့လှူဒါန်းခဲ့ကြပြီး ကာတာ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများနိုင်ငံနှင့် ကူဝိတ်တို့သည် တစ်နိုင်ငံလျှင် ဒေါ်လာ သန်း ၅၀ စီလှူဒါန်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

UNRWA သည် လိုငွေ ဒေါ်လာသန်း ၂၀ဝ သာရှိနေသောကြောင့် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် အခြေအနေကောင်းနေကြောင်း ခရာဟန်ဘူက ပြောသည်။