နယူးဇီလန်တွင် သေနတ်ပိုင်ရှင်များ သေနတ်အပ်နှံမှု စတင်

နယူးဇီလန်တွင် သေနတ်ပိုင်ရှင်များ သေနတ်အပ်နှံမှု စတင်

နယူးဇီလန်နိုင်ငံတွင် ဗလီနှစ်ခုအတွင်းပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးခဲ့၍ သေနတ်များထိန်းချုပ်ရန် အစိုးရက ပြောဆိုခဲ့ပြီးနောက် သေနတ်ပိုင်ရှင်အချို့က သေနတ်များ စတင်အပ်နှံခဲ့ကြသည်။

ခရိုက်ချပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသူအားလုံး မည်သူမည်ဝါဖြစ်ကြောင်းစိစစ်မှုများသည် ဖြစ်စဉ်အပြီး လေးရက်အကြာမှပြီးစီး၍ ရုပ်အလောင်းများ သင်္ဂြိုဟ်မှု ပြုလုပ်နိုင်ခဲ့သည်။

နိုင်ငံတွင်းမှ စေတနာ့ဝန်ထမ်းလုပ်အားပေးများ ခရိုက်ချပ်သို့ရောက်ရှိလျက် မတ် ၂၀ ရက် သင်္ဂြိုဟ်ရေး လုပ်ငန်းစဉ်နှင့် ကျန်ရစ်သူမိသားစုများအား အကူအညီပေးခဲ့ကြသည်။

အစ္စလာမ်အစဉ်အလာအရ သေဆုံးသူများကို သေဆုံးပြီးနောက် မြန်နိုင်သမျှမြန်မြန် သင်္ဂြိုဟ်ရမည်ဖြစ်သော်လည်း သေဆုံးသူစိစစ်မှုလုပ်ငန်းစဉ်များ ကျယ်ပြန့်ခြင်းကြောင့် သင်္ဂြိုဟ်မှု နှောင့်နှေးခဲ့ရသည်။

ကျန်ရစ်သူများ၏မေတ္တာရပ်ခံမှုကြောင့် သင်္ဂြိုဟ်မှုတွင် မီဒီယာများ အနီးကပ် သတင်းရယူခွင့်ကိုအာဏာပိုင်များကတင်းကျပ်ထားသည်။

မတ် ၁၆ ရက်က သြစတြေးလျလူမျိုး လူဖြူအစွန်းရောက်ဝါဒီ ဘရန်တန်တားရန့် ဝင်ရောက်ပစ်ခတ်၍ ဗလီနှစ်ခုအတွင်း ဝတ်ပြုနေသူ ၅၀ သေဆုံးကာ နောက်ထပ် ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

၄င်းနှင့်အတူ ၄င်း၏ကားတွင်းမှ ဆီမီးအော်တိုမက်တစ်မောင်းပြန်နှစ်လက် အပါအဝင် သေနတ်ငါးလက်ဖမ်းဆီးရမိခဲ့ပြီး ၄င်းကို လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။

ယင်းနောက် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က လက်နက်ဥပဒေတင်းကျပ်ရန် ကတိပေးခဲ့ပြီး အချို့ နိုင်ငံသားများက ၄င်းတို့သေနတ်များကို ရဲတပ်ဖွဲ့ထံ သွားရောက်အပ်နှံခဲ့ကြသည်။

ကျွန်းနိုင်ငံလေး၏ မြောက်ပိုင်းမှလယ်သမား ဂျွန်ဟတ်ဆိုသူက ၄င်း၏ ၇ ဒသမ ၆၂ မမကျည်သုံး ဆီမီးအော်တိုရိုင်ဖယ်တစ်လက်ကို ရဲတပ်ဖွဲ့ထံ သွားရောက်အပ်နှံခဲ့ကြောင်း လက်ခံဖြတ်ပိုင်းနှင့်တကွ ၄င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ရာ ထောက်ခံမှုအတော်အတန် ရရှိသကဲ့သို့ အမေရိကန်မှ သေနတ်လိုလားသူများ အပါအဝင် သေနတ်ပိုင်ရှင်အချို့က ရင့်သီးစွာ မှတ်ချက်ပေးခဲ့ကြသည်။

နယူးဇီလန်အမဲလိုက်သူများအသင်းက လက်နက်ဥပဒေပြုပြင်ရေးကိုထောက်ခံလိုက်ပြီး စစ်သုံးပုံစံ ဆီမီးအော်တို မောင်းပြန်သေနတ်များနှင့် ကျည်ဝင်ဆန့်များပြားသည့် ကျည်အိမ်များကိုပိတ်ပင်ရေး တောင်းဆိုခဲ့သည်။