ထိုင်းမှ သက်ဆင်လိုလားသူများ ၄င်းတို့၏အမည်တွင် သက်ဆင်ထည့်သွင်း၍ ရွေးကောက်ပွဲဝင်ပြိုင်မည်

ထိုင်းမှ သက်ဆင်လိုလားသူများ ၄င်းတို့၏အမည်တွင် သက်ဆင်ထည့်သွင်း၍ ရွေးကောက်ပွဲဝင်ပြိုင်မည်

မတ် ၂၄ ရက်၌ ကျင်းပတော့မည့် ထိုင်းရွေးကောက်ပွဲအတွက် ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုလားသူအချို့သည် ၄င်းတို့၏ အမည်တွင် သက်ဆင်ဟူသည့်စကားလုံးကို မွေးစားထည့်သွင်းပြီး မဲဆွယ်နေကြပြီ ဖြစ်သည်။

ထိုင်းအရှေ့မြောက်ပိုင်းမြိ်ု့ ဖီမိုင်းတွင် အသက် ၄၆ နှစ်ရွယ် ကျောင်းဆရာ ဗီရာဝစ် ချူအာဂျူနွတ်က ရွေးကောက်ပွဲ၌ သက်ဆင်ချူအာဂျူနွတ်ဟု ပြောင်းလဲပြီး ၄င်းကိုမဲပေးကြရန် မဲဆွယ်ခဲ့သည်။

၄င်းကဲ့သို့ အမည်ပြောင်းသူ ကိုယ်စားလှယ်လောင်း ၁၅ ဦးရှိပြီး အများစုသည် သက်ဆင်အမည်ကို မွေးစားကြ၍ လေးဦးသည် သက်ဆင်၏ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ်၏အမည်ကို ရယူခဲ့သည်။

မဲဆွယ်ရန်ရသည့်အချိန်တိုတောင်းကြောင်း၊ လူအများကို ဆွဲဆောင်ရန် မှတ်မိလွယ်သည့်နာမည် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ချူအာဂျူနွတ်က ရှင်းပြခဲ့သည်။

နာမည်ပြောင်းရုံနှင့် အလိုအလျောက်အောင်မြင်မှု မရနိုင်သည်ကိုသိကြောင်း၊ လူထုလူတန်းစားများအတွက် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

၄င်းသည် ပါတီငယ်တစ်ခုဖြစ်သည့် ဖြူးချတ်ပါတီကိုယ်စားလှယ်လောင်းဖြစ်ပြီး ယင်းကဲ့သို့ပါတီငယ်များစွာကို သက်ဆင်မဟာမိတ်များနှင့်ထောက်ခံသူများက ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဖီမိုင်းသည် နာခွန်ရက်ချာဆီမာပြည်နယ်တွင် တည်ရှိပြီး ဆင်းရဲသည့်ဒေသဖြစ်ကာ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာရှိသူများ အများအပြားနေထိုင်ကြသည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

ဘီလျံနာတစ်ဦးလည်းဖြစ်သည့် သက်ဆင်သည်  ၂၀ဝ၆ ခုနှစ်တွင် စစ်ဘက်၏ဖြုတ်ချခြင်းခံခဲ့ရပြီးနောက် အရေးယူခံရမည့်အရေးကို ရှောင်ရှားလျက် ထိုင်းမှထွက်ပြေးပြီး ယခုအခါ ဒူဘိုင်း၌နေထိုင်သည်။

သက်ဆင်လိုလားသည့် အဓိကပါတီကြီးဖြစ်သည့် ဖြူးထိုင်းပါတီတည်ရှိသော်လည်း စစ်အစိုးရဥပဒေက မည်သည့်ပါတီမျှ မဲအများစုဖြင့်အောင်ပွဲမရနိုင်ရန် ဖန်တီးထားသဖြင့် သက်ဆင်လိုလားသူများက ပါတီငယ်အများအပြား ဖြန့်ခွဲထူထောင်ထားသည်။

မတ် ၂၄ ရက်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ထားသူ ၁၁၀ဝ၀ ကျော်ရှိပြီး နောက်ဆုံးရွေးကောက်ပွဲကျင်းပခဲ့စဉ်က ၂၈၀ဝ သာ ရှိခဲ့သည်။