နှစ် ၃၀ ရာထူးစွဲကိုင်ခဲ့သော ကာဇက်စတန်သမ္မတ အနားယူမည်

နှစ် ၃၀ ရာထူးစွဲကိုင်ခဲ့သော ကာဇက်စတန်သမ္မတ အနားယူမည်

နှစ် ၃၀ ဆက်တိုက် နိုင်ငံကိုအုပ်ချုပ်ခဲ့သော ကာဇက်စတန်သမ္မတ နာဆူလ်တန် နာဇာဘာယက်ဗ်သည် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း မတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။

မတ် ၂၀ ရက်မှစတင်ကာ သမ္မတရာထူးမှအနားယူမည်ဖြစ်ကြောင်း ၇၈ နှစ်အရွယ်  သမ္မတနာဇာဘာယက်ဗ်က ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ပြီး အထက်လွှတ်တော်ဥက္ကဋ္ဌ ကာဆင် ဂျိုမတ် တိုကာယက်ဗ်က ယာယီနိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ရွေးကောက်ပွဲသစ် ကျင်းပသွားမည်ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ရုတ်တရက် ရာထူးမှ အနားယူကြောင်း ထည့်သွင်းပြောကြားခြင်းမရှိပေ။

နှစ် ၃၀ ကြာ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီးနောက် တာဝန်ကျေပြွန်ပြီဟုခံစားရသလို၊ မျိုးဆက်သစ်များထံ နိုင်ငံကိုလက်ဆင့်ကမ်းပေးရန်လည်း တာဝန်ရှိကြောင်း သမ္မတနာဇာဘာယက်ဗ်က ပြောသည်။

သို့သော် သမ္မတနာဇာဘာယက်ဗ်သည် နိုင်ငံ့ခေါင်းဆောင်ကြီးဟူသော ဂုဏ်ထူးဆောင်ရာထူးဖြင့် ဆက်လက်တည်ရှိကာ နိုင်ငံရေးသြဇာဆက်ရှိနေမည်ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူးနှင့် အာဏာရနာအိုတန်ပါတီဥက္ကဋ္ဌ ရာထူးတို့တွင်လည်းဆက်ရှိနေမည်ဖြစ်သည်။

ကာဇက်စတန်သည် လူဦးရေ ၁၈ သန်းသာရှိသော်လည်း ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ကာ စတုရန်းကီလိုမီတာ ၂ ဒသမ ၇ သန်းကျယ်ဝန်းသည်။

မြောက်ဘက်တွင် ရုရှား၊ အရှေ့ဘက်တွင် တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေကာ ရေနံကြွယ်ဝသောကြောင့် မဟာဗျူဟာအရေးပါသော နိုင်ငံလည်းဖြစ်သည်။

နာဇာဘာယက်ဗ်သည်  ၁၉၈၉ခုနှစ်က ဆိုဗီယက်လက်အောက်တွင်ရှိစဉ် ကာဇက်စတန်၏ ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်  တာဝန်ယူခဲ့ကာ ဆိုဗီယက်မပြိုကွဲမီ သီတင်းပတ်အနည်းငယ်အလို ၁၉၉၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည်။

နာဇာဘာယက်ဗ်သည်  နိုင်ငံတွင်းလူမျိုးရေး မျှခြေရှိရေး၊ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ခဲ့သဖြင့် ချီးကျူးခံရသော်လည်း အတိုက်အခံများကို ဖိနှိပ်ကာတစ်ပါတီ နိုင်ငံရေးအသွင် ဆောင်စေခဲ့ခြင်းအတွက်ကား ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။