မနီလာ၌ စိတ်ကြွဆေးပြားအများအပြားဖမ်းမိ

မနီလာ၌ စိတ်ကြွဆေးပြားအများအပြားဖမ်းမိ

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရှိ လူကုံထံများနေထိုင်သော ရပ်ကွက်တစ်ခု၌ မဲသမ်ဖဲတမင်း စိတ်ကြွဆေးအမြောက်အများကိုသိမ်းဆည်းရမိခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက မတ် ၂၀ ရက်တွင် ပြောသည်။
 

မနီလာမဲထရိုပလစ် အာလာဘန်းကျေးရွာရှိ ဈေးဝယ်စင်တာတစ်ခုနှင့် လူကုံထံရပ်ကွက်ရှိ နေအိမ်တစ်လုံးတို့ထဲတွင် စိတ်ကြွဆေးများကို သိမ်းဆည်းရမိပြီး တရုတ်နိုင်ငံသားသုံးဦးနှင့် တရုတ်နွယ်ဖွား ဖိလစ်ပိုင်နိုင်ငံသားစကားပြန်တို့အား မတ် ၁၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်းဖိလစ်ပိုင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအကြီးအကဲ အာရွန် အကွီနိုက ဆိုသည်။

လမ်းဘေးတွင်ရောင်းချနေသည့် တန်ဖိုးပီဆို  ၁ ဒသမ ၁ ဘီလျံ( ဒေါ်လာ ၂၀ ဒသမ ၇ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မလေးရှား၊ ထိ်ုင်းနှင့် မြန်မာတို့တွင် သိမ်းဆည်းရမိခဲ့သောကြောင့် နိုင်ငံတကာမူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးတစ်ဂိုဏ်းက ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေသည်မှာ ထင်ရှားလာခဲ့ကြောင်း အကွီနိုက ပြောသည်။

လွန်ခဲ့သောလတွင် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် မနီလာတောင်ပိုင်း ကာဗိုက်ခရိုင် တန်ဇာမြို့ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်မှောင်ခိုသမားများဟု သံသယရှိသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူနှစ်ဦးသေဆုံးခဲ့ကာ ပီဆို ၁ ဒသမ ၉ ဘီလျံ( ဒေါ်လာ ၃၆ သန်း) တန်ဖိုးရှိ မဲသမ်ဖဲတမင်း သို့မဟုတ် ဒေသတွင်း ရှာဘူးဟုသိကြသည့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်းအကွီနိုကဆက်လက်ပြောဆိုသည်။

ဖိလစ်ပိုင်အနေဖြင့် မူးယစ်မှောင်ခိုသမားများအား သေဒဏ်စီရင်ခြင်းကို ပြန်လည်ကျင့်သုံးသင့်ပြီး နိုင်ငံကမ်းရိုးတမ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်သင့်ကာ နိုင်ငံခြားသား မူးယစ်မှောင်ခိုသမားများနှင့်ပတ်သက်၍ သတင်းအချက်အလက်ပိုမိုစုဆောင်းသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ထို့ပြင် အကျင့်ပျက်ခြစားမှုသည်လည်း မူးယစ်မှောင်ခိုမှုအတွက် အန္တရာယ်ကြီးဖြစ်နေကြောင်း အကွီနိုက ပြောသည်။

ဥပမာပေးရလျှင် တရုတ်၌ မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံခဲ့ရသူများရှိနေသော်လည်း ၎င်းတို့သည် ဖိလစ်ပိုင်နိုင်ငံတွင်းဝင်ရောက်ခွင့်ရနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးမှောင်ခိုသမားများသည် မြို့ပြသို့ ရွှေ့ပြောင်းပြီး လုပ်ကိုင်လာပြီဖြစ်သောကြောင့် ယင်းမှောင်ခိုသမားခိုလှုံနေသည့် နေအိမ်များနှင့် တိုက်ခန်းများ၏ပိုင်ရှင်များအား ရာဇဝတ်မှုဖြင့် တရားစွဲဆိုနိုင်ရေးအတွက် ပိုမိုလွယ်ကူလာစေရေး ဥပဒေများကို ပြင်ဆင်သင့်ကြောင်း အကွီနိုက တိုက်တွန်းပြောဆိုခဲ့သည်။

အလာဘန်ကျေးရွာသည် နာမည်ကျော်ဥပဒေပြုအမတ်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းအမှုဆောင်များနေထိုင်ကာ လုံခြုံရေးတင်းကျပ်သော နေရာတစ်ခုဖြစ်သည်။