တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းသို့ အီတလီ ပူးပေါင်းမည်

တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းသို့ အီတလီ ပူးပေါင်းမည်

တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် ဂူဆပ်ပီ ကွန်တီက ထုတ်ပြန်ပြောကြားလိုက်သည်။

အမေရိကန်က ကန့်ကွက်နေသလို၊ ဝန်ကြီးချုပ် ကွန်တီ၏ အာဏာရ ညွန့်ပေါင်းပါတီဝင်များကလည်း စိုးရိမ်ဝေဖန်လျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် အီတလီသို့ လာရောက်မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်ရှိကြောင်း ဝန်ကြီးချုပ် ကွန်တီက မတ် ၁၉ ရက်တွင် လွှတ်တော်၌ ပြောကြားသည်။

ဥရောပနှင့် တရုတ်ကို ကုန်းလမ်း၊ ရေကြောင်းလမ်းဖြင့် ရပ်ဝန်းဖွဲ့ ချိတ်ဆက်မည့် တရုတ်၏ စီမံကိန်းကို ဂျီ ၇ နိုင်ငံများထဲတွင် အီတလီက ဦးဆုံးထောက်ခံကာ ပူးပေါင်းခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ပေကျင်းတွင် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စိမံကိန်း ဆွေးနွေးပွဲ၌ ဥရောပကိုယ်စားလှယ်များသည် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ပြီး စီမံကိန်းသည်  ဘဏ္ဍာရေး စံသတ်မှတ်ချက် ကင်းမဲ့နေသလို၊ ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း ဝေဖန်ထောက်ပြခဲ့ကြသည်။

ပြီးခဲ့သည့် လပေါင်းများစွာ အစိုးရအဆင့် အသီးသီး ဆွေးနွေးညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အီတလီသည် ကြီးမားသော ဈေးကွက်နှင့် ချိတ်ဆက်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် နားလည်မှုစာချွန်လွှာသည် ဥပဒေဖြင့် ချည်နှောင်ထားခြင်း မရှိကြောင်းလည်း ဝန်ကြီးချုပ် ကွန်တီက ပြောသည်။

တရုတ်သမ္မတ ရှီသည် အီတလီတွင် ရောမသာမက စစ္စလီသို့လည်း သွားရောက်မည်ဖြစ်ကာ အီတလီ ဝန်ကြီးချုပ် ကွန်တီသာမက သမ္မတ ဆာဂျီယို မာတာရဲနှင့်လည်း တွေ့ဆုံမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။