ဂျပန်၌ လိင်ပြောင်းမှတ်ပုံတင်လိုသူများ ခွဲစိတ်မှုခံယူရမည့် ဥပဒေကိုဖျက်သိမ်းရန် တောင်းဆို

ဂျပန်၌ လိင်ပြောင်းမှတ်ပုံတင်လိုသူများ ခွဲစိတ်မှုခံယူရမည့် ဥပဒေကိုဖျက်သိမ်းရန် တောင်းဆို

ဂျပန်နိုင်ငံ၌ တရားဝင်မှတ်တမ်းမှတ်ရာများတွင် ကျားမလိင်ပြောင်းလိုသူများသည် ၎င်းတို့ပြောင်းလိုသည့် လိင်အတွက် ဦးစွာခွဲစိတ်မှုခံယူရန် ညွှန်ကြားထားသည့်  ဥပဒေကို ဖျက်သိမ်းပေးရန် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့( HRW) က မတ် ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
 

လိင်ပြောင်းကြောင်း မှတ်ပုံတင်လိုသူတစ်ဦးသည် ၎င်း၏မူလမျိုးပွားအင်္ဂါကိုဖယ်ရှားပြီး ၎င်းတို့လိုချင်သည့် လိင်အင်္ဂါရှိလာအောင် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း ၂၀ဝ၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဥပဒေတွင် ဖော်ပြထားသည်။

လိင်ပြောင်းရန် ခွဲစိတ်မှုခံယူခြင်းမရှိဘဲ နှစ်သက်ရာလိင်ကိုပြောင်းလဲသည့် လိင်ပြောင်းအမျိုးသားတစ်ဦး၏ လျှောက်ထားမှုကို တရားလွှတ်တော်ချုပ်က ဇန်နဝါရီတွင် ပယ်ချခဲ့သည်။

ဥပဒေသည် လွတ်လပ်မှုကို ကန့်သတ်ထားပြီး ပြောင်းလဲလာသော လူမှုတန်ဖိုးများနှင့် ဆန့်ကျင်နေလိမ့်မည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က သုံးသပ်ခဲ့သည်။

မလုပ်မနေရသားဆက်ခြားခြင်းသည် အနိုင်ကျင့်နှိပ်စက်မှုသဘောရောက်ပြီး ခေတ်လည်းမမီတော့ကြောင်း HRW ကပြောဆိုခဲ့သည်။

အဖွဲ့သည် လိင်ပြောင်း ၄၈ ဦး၊ ဥပဒေ၊ ဆေးပညာနှင့် အခြားကျွမ်းကျင်သူများကို တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံသည် လိင်ပြောင်းများ၏အခွင့်အရေးကို အသိအမှတ်ပြုရာတွင် တစ်ကမ္ဘာလုံးနှင့်နှိုင်းယှဉ်ပါက အတော်လေးကိုခေတ်နောက်ကျနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၌ လိင်ပိုင်းဆိုင်ရာမျိုးကွဲစုံလင်မှုကို သိသာထင်ရှားစွာ လက်ခံခြင်းမရှိသေးချေ။လူ့အဖွဲ့အစည်းက ချမှတ်ထားသော နှုန်းစံများကို လိုက်နာရန် ဖိအားပေးမှုများရှိနေသောကြောင့် မတူကွဲပြားသော လိင်စိတ်ရှိသူများသည် ၎င်းတို့၏စိတ်တိမ်းညွှတ်မှုများကို မိသားစုဝင်များကိုပင် ဖွင့်မပြောရဲဘဲရှိခဲ့ကာ လိင်ပြောင်းများသည်လည်း ဝေဖန်ထိုးနှက်မှုများနှင့် ကြုံနေရဆဲဖြစ်သည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ၎င်း၏ အလွန်အမင်းအယူအစွဲကြီးသော ထောက်ခံသူများသည် အမျိုးသားနှင့် အမျိုးသမီးများကြား လက်ထပ်မှုကိုအခြေခံသည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးကိုသာ အဓိကထားလှုပ်ရှားလုပ်ဆောင်နေသည်။