ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းရှိသည့် နိုင်ငံသားမဟုတ်သူများအား အချိန်မရွေးဖမ်းဆီးချုပ်နှောင်ခွင့်ရှိနေကြောင်း အမေရိကန်တရားလွှတ်တော်ချုပ်က မတ် ၁၉ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် သမ္မတဒေါ်နယ်ထရမ့်၏အစိုးရသည် လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့်ပတ်သက်၍ အောင်မြင်မှုတစ်ခုရရှိခဲ့ပြီဖြစ်သည်။
ရာဇဝတ်မှုကျူးလွန်ထားသည့် ရွှေ့ပြောင်းများအား နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ပြီးနောက်မှာပင် နောက်ထပ်အချိန်ကာလအကန့်အသတ်မရှိဖမ်းဆီးထားခွင့်ရှိနေကြောင်း တရားလွှတ်တော်ချုပ်ရှိ တရားသူကြီးငါးဦးအနက် လေးဦးက ဆုံးဖြတ်ခဲ့သည်။
ရွှေ့ပြောင်းများကို အကျဉ်းထောင်မှ ပြန်လွှတ်ပြီးနောက် ချက်ချင်းပြန်လည်ချုပ်နှောင်ခွင့်ရှိနေသည်ဟုသာ ဥပဒေတွင်ဖော်ပြထားသည်။
သို့သော် ရွှေ့ပြောင်းတစ်ဦးသည် ပြစ်မှုအတွက် ပြစ်ဒဏ်ကျခံပြီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေချိန်တွင် အချိန်ကာလအကန့်အသတ်မရှိ ချုပ်နှောင်ခွင့်မရှိဘဲ ၎င်းကို အာမခံဖြင့် လွှတ်ပေးထားခွင့်ရှိနေကြောင်း နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။
သို့သော် ထရမ့်အစိုးရက အာဏာပိုင်များသည် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် ရွှေ့ပြောင်းတစ်ဦးကို အချိန်ကာလမရွေး ချုပ်နှောင်ခွင့်ရှိကြောင်းပြောဆိုခဲ့ပြီး ရှေးရိုးစွဲအများစုပါဝင်သည့် တရားလွှတ်တော်ချုပ်ကလည်း ယင်းကိုသဘောတူညီခဲ့သည်။
အမိမြေလုံခြုံရေးဌာနအရာရှိများသည် အချိန်ကာလကိုငဲ့ကွက်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တရားသူကြီး ဆယ်မြူယယ် အလီတိုက ပြောဆိုခဲ့သည်။
ပြစ်ဒဏ်ကျခံပြီးနောက် ကောင်းမွန်စွာနေထိုင်နေသည့် နိုင်ငံသားမဟုတ်သော ရွှေ့ပြောင်းများကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ယင်းလူပုဂ္ဂိုလ်များသည် အဖမ်းခံရပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အယူခံဝင်ခွင့်ရှိနေကြောင်း တရားသူကြီးက ပြောသည်။
တရားလွှတ်တော်ချုပ်ရှိ တရားသူကြီးများအနက် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည့် တရားသူကြီး စတီဖင် ဘရေယာကမူ တရားသူကြီးအများစု၏ ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုမှုက အစိုးရအတွက် လုပ်ချင်တိုင်းလုပ်ခွင့်ရသွားစေခဲ့ကြောင်း ပြောဆိုခဲ့သည်။

















