ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များရှိ ဒေသခံပြည်သူများအနေဖြင့် အေအေအဖွဲ့ကိုလက်ခံပါက မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများရှိလာနိုင်သဖြင့် လက်မခံကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်မတော်စစ်ကြောင်း မတ် ၂၁ ရက် ည ၉ နာရီခွဲခန့်က ရေခေါင်းချောင်းကျေးရွာနှင့် စေတောင်ကျေးရွာအကြားသို့ အရောက်၌ အေအေအဖွဲ့ဝင် ၁၅၀ ခန့်က စေတောင် ကျေးရွာ၏မြောက်ဘက်ထိပ် နေရာငါးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်ကပြန်လည် တိုက်ခိုက်ခဲ့ရာ ည ၁၁ နာရီခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။
ထိမှန်ဒဏ်ရာရ
ထိုဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ တစ်ဦးနှင့်စစ်သည်တစ်ဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။
အေအေသည် ရပ်ကွက်နှင့် ကျေးရွာများ အား အသုံးပြုအကာအကွယ်ရယူလျက် တပ်မ တော်လုံခြုံရေးစစ်ကြောင်းများအား မိုင်းထောင်/ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ် ခြင်းများပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက မလွှဲမရှောင်သာ ပြန်လည် ခုခံရသည့် အခါ ရပ်ကွက်၊ကျေးရွာများအတွင်း မလိုလား အပ်သော ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့်ကျေးရွာများ၌ အေအေကို လက်မခံ ကြရန်နှင့် မြို့၊ ရပ်ကွက်နှင့်ကျေးရွာများအတွင်း ဝင်ရောက်လာပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်း များထံ သတင်းပေးပို့ကြပါရန် တပ်မတော်က မေတ္တာရပ်ခံထားသည်။
















