ဗြိတိန်နိုင်ငံသား ၁၀ ဦးလျှင် လေးဦး ဘရက်ဇစ်အပေါ် မကျေမနပ်ဖြင့် စိုးရိမ်ပူပန်နေ

ဗြိတိန်နိုင်ငံသား ၁၀ ဦးလျှင် လေးဦး ဘရက်ဇစ်အပေါ် မကျေမနပ်ဖြင့် စိုးရိမ်ပူပန်နေ

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့် အစီအစဉ်( ဘရက်ဇစ်) ကြောင့် ဗြိတိန်နိုင်ငံသား ၁၀ ဦးလျှင် လေးဦးသည် လုပ်ချင်ကိုင်ချင်စိတ်မဲ့ခြင်း၊ မကျေမနပ်ဒေါသဖြစ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ရှိခဲ့ကြောင်း မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ ဖော်ပြထားသည်။

ဘရက်ဇစ်ကြောင့် ဗြိတိန်ပြည်သူများ မည်ကဲ့သို့ခံစားရမည်နှင့်ပတ်သက်၍ လေ့လာရန် စိတ်ကျန်းမာရေးဖောင်ဒေးရှင်း( အမ်အိပ်ချ်အက်ဖ်) က စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ဘရက်ဇစ်ကြောင့် နိ်ုင်ငံသား ၄၃ ရာခိုင်နှုန်း ခွန်အားမဲ့သလို ၊ လုပ်ကိုင်ကိုင်ချင်စိတ်မဲ့သလိုဖြစ်ခဲ့ပြီး ၃၉ ရာခိုင်နှုန်းသည် မကျေမနပ်ဖြင့် ဒေါသဖြစ်ခဲ့ရကာ ၃၈ ရာခိုင်နှုန်းသည် စိုးရိမ်ပူပန်ခဲ့ရကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

လွန်ခဲ့သော ၁၂ လအတွင်း ဘရက်ဇစ်ကြောင့် ခံစားချက်ထူးထူးခြားခြားဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း စစ်တမ်းဖြေဆိုသူ ၂၆ ရာခိုင်နှုန်းကပြောဆိုခဲ့သည်။

သို့သော် ၁၇ ရာခိုင်နှုန်းကမူ စိတ်အကြီးအကျယ်ဖိစီးခဲ့ပြီး ၁၂ ရာခိုင်နှုန်းကလည်း အိပ်ရေးပင်ပျက်ခဲ့ရကြောင်း အသီးသီးပြောဆိုခဲ့သည်။

ကိုးရာခိုင်နှုန်းက ဘရက်ဇစ်ကြောင့် မျှော်လင့်ချက်ရှိသလိုခံစားရကြောင်း ပြောဆိုခဲ့ပြီး သုံးရာခိုင်နှုန်းက ပျော်ရွှင်ရကြောင်း ပြောဆိုခဲ့ကာ နှစ်ရာခိုင်နှုန်းက ယုံကြည်မှုရှိလာခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဘရက်ဇစ်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက ဥရောပသမဂ္ဂမှ ထွက်ခွာရန် မဲပေးခဲ့ကြပြီး ၄၈ ရာခိုင်နှုန်းကမူ ဥရောပသမဂ္ဂအတွင်းသာ ဆက်လက်နေထိုင်ရန် မဲပေးခဲ့ကြသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဆက်နေရန် မဲပေးခဲ့ကြသူများသည် ထွက်ခွာရန်မဲပေးခဲ့သူများထက် စိုးရိမ်ပူပန်မှုသုံးဆခန့်ပိုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု အမ်အိပ်ချ်အက်ဖ်အမှုဆောင်အရာရှိ မာ့ခ်ရိုလန်ကပြောဆိုခဲ့သည်။

နိုင်ငံရေးနယ်ပယ်အစုံရှိ လူတိုင်းကမူ ဘရက်ဇစ်ကြောင့် ဖြစ်ပေါ်လာသည်များကို ထိန်းချုပ်နိုင်စွမ်းနည်းပါးမည်ဖြစ်ကြောင်း လက်ခံထားကြသည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ဘရက်ဇစ်ကြောင့် မြို့ပြနေရာများတွင် သက်ရောက်မှုနည်းမည်ဖြစ်သော်လည်း ပထဝီအနေအထားအရလည်း လန်ဒန်မြို့နားတွင် နေထိုင်လေ စိုးရိမ်စိ်တ်ပိုများလေဖြစ်ကြောင်း ရိုလန်ကပြောဆိုခဲ့သည်။

ဘရက်ဇစ်နှင့်ပတ်သက်၍ သဘောတူညီမှုမရရှိသေးဘဲ ဗြိတိန်နှင့်ဥရောပသမဂ္ဂတို့သည် ဆွေးနွေးချိန်ကို သက်တမ်းတိုးနိုင်ခြင်းမရှိပါက ဗြိတိန်သည် တစ်ပတ်အတွင်းထွက်ခွာရတော့မည်ဖြစ်သည်။

အမ်အိပ်ချ်အက်ဖ်အတွက် စစ်တမ်းကုမ္ပဏီ ယူဂေါ့ဗ်က စစ်တမ်းကောက်ယူပေးခဲ့ခြင်းဖြစ်ပြီး မတ် ၁၂ နှင့် ၁၃ ရက်တို့တွင် ဗြိတိန်နိုင်ငံသားလူကြီး ၁၈၃၂ ဦးတို့ကို အွန်လိုင်းမှတစ်ဆင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။